DVB Logo
Home
နိုင်ငံတကာ
တရားသောစစ်ဟု ပုံဖော်ရန် ထရမ့်ပ်အစိုးရ ဘာသာရေး အသုံးချနေဟု ဝေဖန်ခံရ
DVB
·
April 6, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေဟာ အီရန်စစ်ဆင်ရေးကို တရားသောစစ်၊ ကောင်းချီးပေးခံရတဲ့ စစ်အဖြစ် ပုံဖော်ဖို့အတွက် ဘာသာရေးအသုံးအနှုန်းတွေကို အသုံးချနေတယ်လို့ ဝေဖန်ခံနေရပါတယ်။

နောက်ဆုံးအနေနဲ့ ပျက်ကျသွားတဲ့ တိုက်လေယာဉ်က လေယာဉ်မှူးကို ကယ်ဆယ်နိုင်တဲ့ ဖြစ်စဉ်ကို “အီစတာအံ့ဖွယ်” (Easter miracle) လို့ ထရမ့်ပ်က ဧပြီ ၅ ရက်မှာ မှတ်ချက်ပေးခဲ့ပါတယ်။ ရှေ့မှာလည်း ပို့စ်ကတ်စတိုင် အီစတာနှုတ်ခွန်းဆက်စာလွှာတွေ အစိုးရက ထုတ်ဝေခဲ့ပါသေးတယ်။

တရားဝင်ထုတ်ပြန်တဲ့ သတင်းစကားတွေမှာ ယုံကြည်မှုနဲ့ မူဝါဒကြားက စည်းခြားမှု မှေးမှိန်သွားတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

စစ်ပွဲကို တရားဝင်ဖြစ်စေဖို့နဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေကို ပုံဖော်ဖို့ ဘာသာရေးကို အသုံးချနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အခုကယ်ဆယ်မှုဟာ အီစတာအံ့ဖွယ်တခုပါ” လို့ ထရမ့်ပ်က NBC ရုပ်သံနဲ့ အင်တာဗျူးမှာ ပြောခဲ့သလို တခြား အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကလည်း အလားတူမှတ်ချက်မျိုး ပေးခဲ့ကြပါတယ်။

နောက်တနည်း ဘာသာရေး အသုံးချတာကိုတော့ ထရမ့်ပ်ရဲ့ အီရန်ဓာတ်အားပေးစက်ရုံတွေနဲ့ တံတားတွေ ခွဲပစ်မယ်ဆိုတဲ့ လူမှုကွန်ရက် မက်ဆေ့ချ်မှာ တွေ့ရပါတယ်။

ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးဖို့ တီဟီရန်ကို တိုက်တွန်းခဲ့ပြီး “you crazy bastards” ဆိုတဲ့အသုံးအနှုန်းတွေ၊ ငရဲမှာ နေရမယ်ဆိုတဲ့ အသုံးအနှုန်းတွေနဲ့အတူ Praise be to Allah ဆိုတဲ့ စာသားကိုပါ သုံးထားပါတယ်။

ဒီစကားဟာ အစ္စလာမ်ဘာသာဝင်တွေက သူတို့ကိုးကွယ်ရာဖြစ်တဲ့ အလ္လာအရှင်မြတ် ကျေးဇူးတော်ကို ချီးမွမ်းတာဖြစ်ပေမဲ့ ထရမ့်ပ်က ဆဲဆိုခြိမ်းခြောက်တဲ့ စကားလုံးတွေနဲ့ တွဲသုံးခဲ့တာ ဖြစ်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့် ကလည်း ယေရှုခရစ်တော် ရှင်ပြန်ထမြောက်တဲ့နေ့၊ အီစတာပွဲတော်ရဲ့ သင်္ကေတကို ရည်ညွှန်းကိုးကားခဲ့ပါတယ်။

“အီစတာအံ့ဖွယ်ဟာ သမိုင်းမှာ အကြီးကျယ်ဆုံးအောင်ပွဲပါ” လို့ ဘတ်ဆန့်က X လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။

“ရဲရင့်တဲ့ အမေရိကန်စစ်သည်တယောက်ကို ရန်သူ့နယ်မြေထဲကနေ ကယ်ဆယ်နိုင်ခဲ့တာဟာ ခရစ်ယာန်တွေရဲ့ အမွန်မြတ်ဆုံးနေ့နဲ့ အလွန်ကိုက်ညီပါတယ်။ ဒါဟာ စစ်သမိုင်းမှာ အကြီးကျယ်ဆုံး ရှာဖွေကယ်ဆယ်ရေးတွေထဲက တခုပါပဲ” လို့ သူက ဆက်ရေးပါတယ်။

ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆီသ်ကလည်း အီရန်ကယ်ဆယ်ရေး အောင်မြင်ကြောင်း ထရမ့်ပ်ရဲ့ပို့စ်ကို ဧပြီ ၅ ရက်က X မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်အကောင့်မှာ “God is good” (ဘုရားသခင် ကောင်းမြတ်လှ) လို့ ရေးသားခဲ့ပါတယ်။

လေယာဉ်ပေါ်ကနေ ခုန်ထွက်ပြီးနောက် ကယ်ဆယ်ခံရတဲ့ အရာရှိက ရေဒီယိုကနေ အဲဒီစကားကို ပြောခဲ့တာဖြစ်တယ်လို့ Axios သတင်းဌာနက ဖော်ပြပါတယ်။

၂၀၂၄ ရွေးကောက်ပွဲကာလ လုပ်ကြံခံရမှုကနေ လွတ်မြောက်ခဲ့တာဟာ ဘုရားသခင်ကြောင့် ဖြစ်တယ်လို့ ၂၀၂၅ ခုနှစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ထရမ့်ပ်က ပြောခဲ့ဖူးပါတယ်။

“ကျုပ်အသက်ကို အကြောင်းရင်းတခုကြောင့် ကယ်တင်ခဲ့တယ်လို့ အဲဒီတုန်းက ခံစားခဲ့ရပြီး အခု ပိုပြီး ယုံကြည်လာပါတယ်။ အမေရိကကို ပြန်လည်ကြီးကျယ်ခမ်းနားစေဖို့ ဘုရားသခင်က ကျုပ်ကို ကယ်တင်ခဲ့တာပါ” လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။

ဒါပေမဲ့ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်ဟောင်း မာဂျရီ တေလာ ဂရင်းက ထရမ့်ပ်ဟာ ခရစ်ယာန်တန်ဖိုးတွေကို သစ္စာဖောက်တယ်လို့ X မှာ စွပ်စွဲရေးသားခဲ့ပါတယ်။

အစိုးရအဖွဲ့ထဲက ခရစ်ယာန်တွေအနေနဲ့ စစ်ရေးအရှိန်မြှင့်တာထက် ငြိမ်းချမ်းရေးကိုပဲ ရှာဖွေသင့်တယ်လို့ ဂရင်းက ဆိုပါတယ်။

ယေရှုခရစ်တော်ရဲ့ သွန်သင်ချက်တွေမှာ ရန်သူတွေအပေါ် ခွင့်လွှတ်ခြင်းနဲ့ ချစ်ခြင်းမေတ္တာထားဖို့ အလေးပေးထားတယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန်-အစ္စလာမ္မစ် ဆက်ဆံရေးကောင်စီ (CAIR) ကလည်း ထရမ့်ပ်ရဲ့ အသုံးအနှုန်းကို ရှုတ်ချခဲ့ပါတယ်။

အစ္စလာမ်ဘာသာကို လှောင်ပြောင်တာနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်တာဟာ အန္တရာယ်များပြီး ဆင်ခြင်တုံတရားမဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်ခြိမ်းခြောက်မှုတွေမှာ “Praise be to Allah” လို့ ပေါ့ပေါ့ဆဆ သုံးတာဟာ ဘာသာရေးစကားကို လက်နက်သဖွယ် အသုံးချချင်တဲ့ဆန္ဒကို ပြသနေတယ်လို့ CAIR က ဆိုပါတယ်။ မွတ်စလင်တွေနဲ့ သူတို့ရဲ့ယုံကြည်မှုကို စော်ကားရာလည်း ရောက်တယ်လို့ ပြောပါတယ်။

အမေရိကန်စစ်တပ်ထဲက တချို့ဟာ အီရန်စစ်ပွဲကို တရားဝင်ဖြစ်စေဖို့ သမ္မာကျမ်းစာလာ ကမ္ဘာပျက်မဲ့ အနာဂတ္တိစကားတွေကို အသုံးချနေတယ်ဆိုတဲ့ သတင်းတွေကို စုံစမ်းစစ်ဆေးပေးဖို့ ဒီမိုကရက်လွှတ်တော်အမတ် ၃၀ ပါဝင်တဲ့အဖွဲ့က ပြီးခဲ့တဲ့လမှာ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆေးရေးမှူးချုပ် ပလက်မိုရင်းထံ တောင်းဆိုခဲ့ပါတယ်။

ဘာသာရေးနဲ့ နိုင်ငံ တင်းကျပ်စွာ ခွဲခြားထားဖို့နဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ပေးဖို့ဟာ အထူးအရေးကြီးနေတယ်လို့ ဆိုပါတယ်။

“စစ်ဆင်ရေးတွေဟာ ကမ္ဘာပျက်မဲ့ အနာဂတ္တိစကားတွေနဲ့ အစွန်းရောက် ဘာသာရေး ယုံကြည်မှုတွေအပေါ် အခြေခံတာမျိုး မဖြစ်ရပါဘူး။ အချက်အလက်တွေနဲ့ ဥပဒေအပေါ်မှာပဲ အခြေခံဖို့ သေချာအောင်လုပ်ရမယ်” လို့ အဲဒီစာမှာ ရေးသားထားပါတယ်။

တဖက်မှာလည်း အီရန်နိုင်ငံဟာ ရှီယိုက် အစ္စလာမ်ယုံကြည်မှုအပေါ် အခြေခံတဲ့ နိုင်ငံရေးစနစ်ကို ကျင့်သုံးနေပြီး ဘာသာရေးအာဏာဟာ တမန်တော် မိုဟာမက်ဆီက ဆင်းသက်လာတဲ့ အီမမ်တွေဆီက ရတယ်လို့ ယုံကြည်ကြတာပါ။

အီရန်က အမေရိကန်ကို “the Great Satan” လို့ ပုံဖော်လေ့ရှိပါတယ်။ စစ်ရေးဝါဒဖြန့်မှုတွေမှာလည်း ဘာသာရေးဝေါဟာရတွေကို အသုံးပြုပြီး ကျဆုံးသွားတဲ့ တိုက်ခိုက်ရေးသမားတွေကို အာဇာနည်တွေအဖြစ် ခေါ်ဝေါ်လေ့ရှိပါတယ်။

Source: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013