DVB Logo
Home
မြန်မာသတင်း
မြန်မာအပါအဝင် ကမ္ဘာ့စစ်ပွဲများအဆုံးသတ်ရန် ပုပ်ရဟန်းမင်းကြီး ခရစ္စမတ်ဆုမွန်တောင်း
DVB
·
December 26, 2025
မြန်မာအပါအဝင် ကမ္ဘာ့စစ်ပွဲများအဆုံးသတ်ရန် ပုပ်ရဟန်းမင်းကြီး ခရစ္စမတ်ဆုမွန်တောင်း
1 / 12
Donate to DVB

ကမ္ဘာတဝန်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေအားလုံး အဆုံးသတ်ကြဖို့ ပုပ်ရဟန်းမင်းကြီး လီယိုရဲ့ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့၊ မြို့တော်နဲ့ ကမ္ဘာသို့ သတင်းစကားနဲ့ ကောင်းချီးပေးမှုမှာ ထည့်သွင်း တိုက်တွန်းလိုက်ပါတယ်။

စိန့်ပီတာ ဘုရားကျောင်းတော်ကြီးရဲ့ ဝရန်တာကနေ မိန့်ခွန်းပြောကြားရာမှာ ယူကရိန်း၊ ဆူဒန်၊ မာလီ၊ မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ပဋိပက္ခတွေကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ရုရှားတပ်တွေရဲ့ ခြိမ်းခြောက်မှုခံနေရတဲ့ ယူကရိန်းပြည်သူတွေဟာ အကြမ်းဖက်မှုဒဏ်ကို အလူးအလဲ ခံစားနေရတယ်လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားပါတယ်။

ပုပ်ရဟန်းမင်းကြီး လီယိုက “လက်နက်သံတွေ တိတ်ဆိတ်ပါစေ၊ သက်ဆိုင်သူတွေအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ပံ့မှုနဲ့အတူ ရိုးသားပွင့်လင်းပြီး လေးစားမှုရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ သတ္တိမွေးကြပါ” လို့ သူက တိုက်တွန်းခဲ့ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေအရေးကို ဦးစားပေးလေ့ရှိတဲ့ လီယိုဟာ အမေရိကတိုက်ကို ဖြတ်သန်းသွားလာနေတဲ့ ဒုက္ခသည်တွေ အခြေအနေကိုလည်း စိုးရိမ်တကြီး ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကို အရင်က ဝေဖန်ဖူးပေမဲ့ ဒီတခါမှာတော့ ထရမ့်ပ် နာမည်ကို ထည့်သွင်းပြောဆိုခြင်း မရှိပါဘူး။

ဆင်းရဲသားတွေနဲ့ သူစိမ်းတွေကို ကူညီဖို့ ငြင်းဆန်တာဟာ ဘုရားသခင်ကို ငြင်းပယ်တာနဲ့ အတူတူပဲလို့ ဒီဇင်ဘာ ၂၄ ရက် ခရစ္စမတ်အကြို တရားပွဲမှာလည်း ပုပ်ရဟန်းမင်းကြီးက သတိပေးခဲ့ပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ခရစ္စမတ်ပွဲတော်ကို ဗာတီကန် အပါအဝင် ကမ္ဘာအနှံ့မှာ ဒီဇင်ဘာ ၂၅ ရက်က ကျင်းပသွားပါတယ်။

ရောမ၊ လန်ဒန်၊ ဘာလင်၊ ပဲရစ် စတဲ့ ကမ္ဘာ့ အထင်ကရမြို့ကြီးတွေမှာ ခရစ္စမတ်ကာလ  အလှဆင်မီးများထွန်းညှိထားတာကို မြင်တွေ့ရပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013