DVB Logo
Home
နိုင်ငံတကာ
ဆင်းရဲ ချမ်းသာ အလွန်အမင်း ကွာဟလာမှုကို ပုပ်ရဟန်းမင်းကြီး သတိပေး
DVB
·
September 16, 2025
ဆင်းရဲ ချမ်းသာ အလွန်အမင်း ကွာဟလာမှုကို ပုပ်ရဟန်းမင်းကြီး သတိပေး
Donate to DVB

ကမ္ဘာ့ပထမဆုံး ထရီလျံနာ ဖြစ်လာတော့မယ့် အီလွန်မတ်စ်ခ်ကို ဥပမာပေးပြီးတော့ ချမ်းသာသူတွေနဲ့ ဆင်းရဲသူတွေအကြား ဝင်ငွေ အလွန်အမင်းကွာဟလာမှုဆိုတဲ့ ပြဿနာကြီးနဲ့ ကြုံနေပြီလို့ ပုပ်ရဟန်းမင်းကြီး လီယိုက သတိပေးလိုက်ပါတယ်။

“အလုပ်သမား လူတန်းစားရဲ့ ဝင်ငွေပမာဏနဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေရတဲ့ ပိုက်ဆံကြား ကွာဟမှုက စဉ်ဆက်မပြတ် ပိုမိုကျယ်ပြန့်လာတယ်” လို့ သုံးသပ်ထားပါတယ်။

မီဒီယာတွေနဲ့ ပထမဆုံး အင်တာဗျူးမှာ ပုပ်ရဟန်းမင်းက ကုမ္ပဏီအမှုဆောင်အရာရှိကြီးတွေရဲ့ ဆုကြေးနဲ့ ခံစားခွင့်တွေကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ အနှစ် ၆၀ လောက်က စီအီးအိုတွေရဲ့ လစာဟာ အလုပ်သမားတွေ ရတာထက် ၄ ဆကနေ ၆ ဆလောက်ပဲ ပိုတယ်။ အခု အဆ ၆၀၀ လောက် ပိုသွားပြီ” လို့ ပုပ်ရဟန်းမင်းက ကက်သလစ်သတင်းစာ Crux နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

“မနေ့က သတင်းထဲမှာ အီလွန်မတ်စ်ခ်က ကမ္ဘာ့ပထမဆုံး ထရီလျံနာကြီး ဖြစ်လာတော့မယ်ဆိုတာ တွေ့လိုက်တယ်။ ဒါ ဘာကို ဆိုလိုသလဲ၊ ဘာပြောချင်တာလဲ ဆိုရင်၊ အဲဒါက ဘာအဓိပ္ပာယ်လဲ။ ဘာသဘောလဲ။ အကယ်၍ အဲဒါကပဲ တန်ဖိုးရှိတဲ့ တခုတည်းသောအရာ ဖြစ်နေပြီဆိုရင်တော့ ကျွန်ုပ်တို့ ဒုက္ခအကြီးအကျယ်ရောက်ပြီပဲ”  လို့ ပုပ်ရဟန်းမင်းကြီးက မှတ်ချက်ချခဲ့ပါတယ်။

တက်စ်လာကုမ္ပဏီရဲ့ ရည်မှန်းချက်ပြည့်မီတယ်ဆိုရင် စီအီးအိုလည်းဖြစ်၊ အများဆုံး ရှယ်ယာရှင်လည်း ဖြစ်တဲ့ အီလွန်မတ်စ်ခ်ကို ဒေါ်လာ ၁ ထရီလျံ ဆုကြေးပေးဖို့ အဆိုပြုတဲ့သတင်း စက်တင်ဘာလ အစောပိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါဟာ ကော်ပိုရေးသမိုင်းမှာ မကြုံစဖူး ပမာဏဖြစ်ပြီး ဒီသတင်းမှန်တယ်လို့ တက်စလာကုမ္ပဏီက အတည်ပြုထားပါတယ်။

ဒီဆုကြေးရဖို့အတွက် မတ်စ်ခ်ဟာ တက်စ်လာကုမ္ပဏီရဲ့ တန်ဖိုးကို လက်ရှိ ဒေါ်လာ ၁ ထရီလျံကနေ ၁၀ နှစ်အတွင်း ဒေါ်လာ ၈ ဒသမ ၅ ထရီလျံအထိ တန်ကြေးတက်လာအောင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

X.com နဲ့ Space X ကုမ္ပဏီကိုလည်း ပိုင်ဆိုင်တဲ့ အီလွန်မတ်စ်ခ်ဟာ လက်ရှိ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပြီး ဒေါ်လာ ၄၆၃ ဒသမ ၂ ဘီလျံ ကြွယ်ဝပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013