တရုတ်သူလျှိုလို့ သံသယရှိတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ရေးဖောက်ပြန်ခဲ့မှုကြောင့် ရာထူးက နုတ်ထွက်ခဲ့တဲ့ Nvidia အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ်ကို ပြန်လည်ခန့်အပ်ဖို့ အီလွန်မတ်စ်ခ် အပါအဝင် လူတသိန်းခွဲကျော်က အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာ့ထိပ်တန်း AI ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ Nvidia ကို ပူးတွဲတည်ထောင်ခဲ့တဲ့ ဟွမ်ဟာ ၃၃ နှစ်ကြာ ဦးဆောင်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၂ ရက်မှာ ရာထူးက နုတ်ထွက်ကြောင်း ကုမ္ပဏီက ကြေညာခဲ့ပါတယ်။
ဟွမ်ဟာ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်တယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသမီးတယောက်အပြင် သူ့ ကုမ္ပဏီဝန်ထမ်းတယောက်နဲ့ပါ ဖောက်ပြန်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။
အိတ်ဖွင့်ပေးစာမှာ Epic Games ကုမ္ပဏီအကြီးအကဲ တင်ဆွီးနီးနဲ့ Y Combinator ဥက္ကဋ္ဌ ဂယ်ရီတန်တို့လည်း လက်မှတ်ရေးထိုးထားပါတယ်။
လက်မှတ်ထိုးသူတွေထဲမှာ Nvidia ဝန်ထမ်းလို့ ကိုယ့်ကိုယ်ကိုယ် ဖော်ပြသူ ၇,၅၀၀ ကျော် ပါဝင်ပါတယ်။
အမေရိကန်လွှတ်တော်အမတ်တွေကတော့ ဟွမ်ရဲ့ ဆက်ဆံရေးကိစ္စဟာ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်မှုရှိခဲ့သလားဆိုတာ ရှင်းလင်းဖို့ ဟွမ်နဲ့ Nvidia တာဝန်ရှိသူတွေကို လွှတ်တော်မှာ လာရောက်ထွက်ဆိုဖို့ ဆင့်ခေါ်ထားပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်ကတော့ Nvidia အနေနဲ့ ကုမ္ပဏီပြင်ပက အမှုဆောင်အရာရှိချုပ် အသစ်တယောက်ကို ရွေးချယ်သင့်ပြီး “အကြီးအကျယ် အပြောင်းအလဲလုပ်ဖို့ လိုပါတယ်” လို့ နိုဝင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။
ဟွမ်ရဲ့ အိမ်ထောင်ရေးကိစ္စထက် Nvidia ရဲ့ အဆင့်မြင့် AI ချစ်ပ်တွေ တရုတ်နိုင်ငံဆီ တရားမဝင် ရောက်ရှိခဲ့ခြင်း ရှိ၊ မရှိ စုံစမ်းဖို့က ပိုအရေးကြီးတယ်လို့လည်း ဘက်ဆန့်က ဆိုပါတယ်။
အမေရိကန်အစိုးရဟာ ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာ Nvidia ရဲ့ H200 ချစ်ပ်တွေကို တရုတ်နိုင်ငံဆီ ရောင်းချခွင့်ပြုခဲ့ပေမဲ့ ဒီထက်အဆင့်မြင့်တဲ့ AI ချစ်ပ်တွေကိုတော့ တင်ပို့ခွင့် ပိတ်ပင်ထားပါတယ်။
Source: Reuters











