ရိုမန်ကက်သလစ် ကျောင်းတော်မှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုဆိုတဲ့ “ဘေးဆိုးကြီး” ကို အမြစ်ဖြုတ် ဖယ်ရှားဖို့ ပုပ်ရဟန်းမင်းကြီး လီယိုက ပြင်သစ်ဘုန်းတော်ကြီးတွေကို တိုက်တွန်းပါတယ်။
ပြင်သစ်နိုင်ငံ လူးဒ်မြို့က ဘာသာရေးအထွတ်အမြတ်နေရာမှာ စက်တင်ဘာ ၂၇ ရက်က ကျင်းပတဲ့ သီးသန့်အစည်းအဝေးမှာ ပုပ်ရဟန်းမင်းက မိန့်ကြားခဲ့တာပါ။
“သင်တို့အနေနဲ့ သာသနာဝင်တွေက ကျူးလွန်တဲ့ ဒါမှမဟုတ် ကျောင်းတော်အသိုက်အဝန်းမှာ ဖြစ်ပွားတဲ့ အရွယ်မရောက်သေးသူတွေအပေါ် အလွဲသုံးစားမှုဆိုတဲ့ နာကျင်စရာ ဘေးဆိုးကြီးကို ပြတ်ပြတ်သားသား ရင်ဆိုင်ရမှာဖြစ်တယ်။”
ပုပ်ရဟန်းမင်းကြီးက ဒီကိစ္စကို ဆက်ပြီး အရေးယူဖို့နဲ့ “အမြင့်ဆုံး သတိဝီရိယနဲ့ ထိန်းသိမ်းကြဖို့” ဘုန်းတော်ကြီးတွေကို တိုက်တွန်းပါတယ်။
၂၀၂၁ ခုနှစ် စုံစမ်းစစ်ဆေးမှုတခုအရ ပြင်သစ်မှာ နှစ်ပေါင်း ၇၀ အတွင်း ဘာသာရေးခေါင်းဆောင်တွေနဲ့ ကျောင်းတော်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ အလွဲသုံးစားမှုကို ကလေးဘဝက ကြုံခဲ့ရသူ ၃၃၀,၀၀၀ ခန့် ရှိပါတယ်။
လူးဒ်မြို့မှာ လူထောင်ပေါင်းများစွာ တက်ရောက်တဲ့ ဝတ်ပြုပွဲ ကျင်းပအပြီးမှာ ပုပ်ရဟန်းမင်းကြီးက ထိခိုက်နစ်နာခဲ့ရသူ ၇ ယောက်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဗာတီကန်ရဲ့ ထုတ်ပြန်ချက်အရ ပုပ်ရဟန်းမင်းကြီးက သူတို့ရဲ့ “နာကျင်စရာ သက်သေခံချက်” တွေအတွက် ကျေးဇူးတင်ခဲ့ပြီး ဒီလိုအဖြစ်မျိုး နောက်ထပ်မဖြစ်စေရေး အားထုတ်မယ်လို့ ကတိပြုခဲ့ပါတယ်။
တွေ့ဆုံခဲ့သူ Jean-Marie Delbos ကတော့ ပုပ်ရဟန်းမင်းကြီးက သူတို့ပြောတာကို နားထောင်ခဲ့ပြီး “အံ့မခန်းပါပဲ” လို့ ပြောပါတယ်။
စက်တင်ဘာ ၂၆ ရက်မှာလည်း ပါရီမြို့ ပလာစ်ဒါလာကွန်းကော့ဒ် (Place de la Concorde) ရင်ပြင်မှာ ကျင်းပတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဝတ်ပြုပွဲကို လူ ၇၀၀,၀၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။
၂၀၂၅ ခု မေလမှာ ရိုမန်ကက်သလစ်ကျောင်းတော် အကြီးအကဲအဖြစ် ရွေးချယ်ခံရပြီးနောက်ပိုင်း ပုပ်ရဟန်းမင်းကြီး လီယိုရဲ့ ပထမဆုံး တရားဝင် ပြင်သစ်ခရီးစဉ် ဖြစ်ပါတယ်။










