DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ အွန်လိုင်းငွေလိမ်လုပ်ခဲ့သည့် တရုတ်ကျားဖြန့် ၁,၀၀၀ ခန့်ကို နေရပ်ပြန်ပို့
DVB
·
December 26, 2025
မြန်မာနိုင်ငံ၌ အွန်လိုင်းငွေလိမ်လုပ်ခဲ့သည့် တရုတ်ကျားဖြန့် ၁,၀၀၀ ခန့်ကို နေရပ်ပြန်ပို့
Donate to DVB

မြန်မာနိုင်ငံမှာ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ကျူးလွန်ခဲ့ကြတဲ့ တရုတ်နိုင်ငံသား ၉၅၂ ယောက်ကို နေရပ်ပြန်ပို့လိုက်တဲ့အကြောင်း တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန (MPS) က ဒီဇင်ဘာ ၂၅ ရက်က ထုတ်ပြန်ပါတယ်။

ဒါဟာ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့မှာ တရုတ်၊ မြန်မာနဲ့ ထိုင်း ဥပဒေစိုးမိုးရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးမှာ ဆက်သွယ်ရေးလိမ်လည်မှုတွေ ကျူးလွန်တယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးနိုင်ခဲ့အပြီး ခုလိုပြန်ပို့နိုင်ခဲ့တာလို့ ဆိုပါတယ်။

မြဝတီမြို့အခြေစိုက် ကျားဖြန့်အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေဟာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားကာ ဆက်သွယ်ရေးနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို ရေရှည်လုပ်ဆောင်ခဲ့ကြပြီး ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေခဲ့သလို အခုနှစ်အစောပိုင်းကာလတုန်းက အဆိုပါ ၃ နိုင်ငံအကြား လိမ်လည်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ယန္တရားတခုကို တည်ထောင်ခဲ့ပြီးနောက် နှိမ်နင်းရေးစစ်ဆင်ရေးတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တာလို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

လတ်တလောအချိန်အထိ ဒီစစ်ဆင်ရေးစတင်ချိန်ကတည်းက မြဝတီဒေသကနေ ကျား ဖြန့်အွန်လိုင်းရာဇဝတ်မှု သံသယရှိသူ တရုတ်နိုင်ငံသား ၇,၆၀၀ ကျော်ကို နေရပ်ပြန် လည်ပို့ဆောင်နိုင်ခဲ့ပြီးဖြစ်တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန (MPS) က  ဆိုပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင် ဖို့အတွက် ဆက်သွယ်ရေးနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို တိုက်ဖျက်ရာမှာ နယ်စပ်ဖြတ်ကျော် ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်သွားမယ်လို့ ကတိပြုထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ ISP Myanmar အဖွဲ့ကတော့ ထိုင်း- မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကို၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်းစတဲ့မြို့တွေမှာ ကျားဖြန့် လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာ နယ်စပ်တလျှောက် မူဆယ်၊ လားရှိုး၊ လောက်ကိုင်၊ ပန်ဆန်း၊ မိုင်းပေါက်၊ မိုင်းလား၊ ကျိုင်းတုံစတဲ့ မြို့ပေါင်း ၇ မြို့မှာတော့ ကျားဖြန့်လုပ်ငန်းပေါင်း ၃၅ ခုထက်မနည်း ရှိခဲ့ကာ “၁၀၂၇ စစ်ဆင်ရေး” မတိုင်ခင်ကတော့ လောက်ကိုင်တမြို့ တည်းမှာတင် ကျားဖြန့်လုပ်ငန်းပေါင်း ၁၅ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အထူးသဖြင့် တာချီလိတ်မြို့ဝန်းကျင်မှာ ကျားဖြန့်လုပ်ငန်းပေါင်း ၁၅ ခုထက်မနည်း၊ မြဝတီမြို့ဝန်းကျင်မှာ လုပ်ငန်းပေါင်း ၂၅ ခုထက်မနည်း ရှိနေတယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာထဲမှာတော့ ဒီ လုပ်ငန်းတွေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ ပါဝင်ကြရသူတွေ ရှိနေပြီး အဲဒီနစ်နာရသူတွေကို လူ့အခွင့်အရေးနဲ့အညီကူညီဖို့ တိုက်တွန်းထားပေမဲ့ ဘယ်သူက သားရဲ၊ ဘယ်သူက သားကောင်ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတယ်လို့ ISP Myanmar အဖွဲ့က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်တည် ငြိမ်ရေးနဲ့ လုံခြုံရေးသာမက ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကိုပါ ထိခိုက်စေတဲ့ ကျားဖြန့် အွန်လိုင်း လိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ် ဆေးဝါးလုပ်ငန်းတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းတွေကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်း တိုက်ဖျက်သွားမယ်လို့ ကြေညာထားပါတယ်။

Source: Xinhua

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013