
ရခိုင်ရှေးဟောင်းသမိုင်းနဲ့ ဆက်စပ်မှုရှိနေတဲ့ ယတြာခေါင်းလောင်းကြီးကို သားစဉ်မြေးဆက် ထိန်းသိမ်းလာသူတယောက်က အာရက္ခပြည်သူ့အစိုးရထံကို တူးဖော်အပ်နှံလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောက်ဦးခေတ် ရခိုင်ဘုရင် နရပတိကြီး (၁၆၃၈-၁၆၄၅) လက်ထက်က သွန်းလုပ်ခဲ့တာလို့ အယူရှိတဲ့ သမိုင်းဝင် ကြေးသွန်းခေါင်းလောင်း “ယတြာခေါင်းလောင်း” ကြီးကို သိမ်းဆည်းထားသူဖြစ်တဲ့ အဘိုးအိုတယောက်က ULA ထံကို အပ်နှံလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီခေါင်းလောင်းကြီးကို သိမ်းဆည်းထားတဲ့ အဘိုးအိုနဲ့ ULA ရဲ့ တာဝန်ရှိသူတွေက ဇူလိုင် ၄ ရက်မှာ မဟာမုနိ ဘုရားကုန်းရှိ မဟာမုနိဘုန်းကြီးကျောင်းဝင်းထဲကနေ တူးဖော်ခဲ့ကြတာဖြစ်ပြီး သမိုင်းဝင်ခေါင်းလောင်းကြီး ဖြစ်တာကြောင့် ဒေသအာဏာပိုင်တွေက နေရာရွှေ့ပြောင်းပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ယတြာခေါင်းလောင်းကြီးဟာ အမြင့် ၈၆ စင်တီမီတာ၊ အောက်ခြေအချင်း ၆၅ စင်တီမီတာ၊ အောက်ခြေအဝန်း ၂၀၇ စင်တီမီတာ၊ အနားအထူ ၄ စင်တီမီတာ၊ ကိုယ်ထည်အဝန်း ၁၆၀ စင်တီမီတာနဲ့ ဂိုင်းလုံးပတ် ၂၄ စင်တီမီတာရှိပြီး ပါဠိ၊ သက္ကတ၊ ရက္ခဝဏ္ဏ ဘာသာ ၃ မျိုးနဲ့ ရေးထိုးထားပြီး အင်း၊ အိုင်၊ ခါးလှည့် ၃ မျိုး ပါဝင်တယ်လို့ သိရပါတယ်။
ခေါင်းလောင်းကြီးကို သိမ်းဆည်းထားတဲ့ အသက် ၈၄ နှစ်အရွယ် ဦးထွန်းအောင်ကို သူ့ရဲ့ ဖခင်ဖြစ်သူ၊ ဦးရီးတော်နဲ့ ယောက္ခမဖြစ်သူ အပါအဝင် ရွာလူကြီးတချို့ကို သိမ်းဆည်းထားဖို့နဲ့ ယုံကြည်ရတဲ့ ရခိုင်အုပ်ချုပ်သူ မပေါ်မချင်း မဖော်ထုတ်ဖို့ မှာကြားခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုတွေ့ရှိတဲ့ ကြေးခေါင်းလောင်းကြီးကို စစ်အစိုးရအဆက်ဆက်က ရှာဖွေခဲ့ပြီး ထောက်လှမ်းရေး စစ်ဗိုလ်ချုပ်ဟောင်း ခင်ညွန့် လက်ထက်ကလည်း ဦးထွန်းအောင်ကို မက်လုံးတွေပေးပြီး ထုတ်ဖော်ပြသပေးဖို့ စည်းလုံးခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။










