
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်မှာ ထောင်ဖောက်ပြေးတဲ့ မုဒိမ်းမှုတရားခံတယောက်ကို လက်ရ ဖမ်းဆီးပေးခဲ့တဲ့ မြေပုံမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဩဂုတ် ၁၄ ရက်နေ့မှာ ဆုငွေချီးမြှင့်ခဲ့တယ်လို့ ပါတီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မေ ၇ ရက်နေ့က စစ်တွေခရိုင်မှာရှိတဲ့ အချုပ်ထောင်တခုကနေ ထွက်ပြေးသွားကြတဲ့ မုဒိမ်းမှု တရားခံတွေဖြစ်တဲ့ ဦးကျော်ဝင်းချေနဲ့ ဦးဘိုသန်းဝင်းတို့ထဲက ဦးကျော်ဝင်းချေကို ဇူလိုင် ၂၆ ရက် မှာ မြေပုံမြို့နယ်၊ ပြင်းဝန်းကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းတင်အောင်ကိုယ်တိုင် လက်ရဖမ်းဆီးပြီး ဒီလပ်တပ်ဖွဲ့ဆီကို အပ်နှံခဲ့တာလို့ သိရပါတယ်။
တာဝန်သိစိတ်ရှိတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးဖြစ်တာကြောင့် ဂုဏ်ပြုဆုငွေ ၁၀ သိန်း ချီးမြှင့်ခဲ့တာ လို့ ULA နဲ့ နီးစပ်သူ အမျိုးသားတယောက်က ပြောပါတယ်။
“ထောင်ဖောက်လွတ်မြောက်နေတဲ့ မုဒိမ်းမှုတရားခံတယောက်ကို နိုင်ငံသားကောင်းတဦးပီပီ၊ အုပ်ချုပ်ရေးမှူးတဦးပီပီ လက်ရဖမ်းဆီးပြီးအပ်နှံလို့ ဂုဏ်ပြုပေးတာပါ။ ဒီလို နိုင်ငံသားတွေ၊ အုပ်ချုပ်ရေးမှူးတွေ အများကြီးလိုအပ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ရာဇဝတ်သားတွေ ရောက်နေတာမျိုးတွေရှိရင် ကိုယ်တိုင်ဖမ်းဆီးတာ ဒါမှမဟုတ် နီးစပ်ရာ ဒီလပ်စခန်းတွေကို အသိပေး အကြောင်းကြားပေးစေချင်တယ်” လို့ပြောပါတယ်။
မြေပုံမြို့နယ်၊ ပြင်ဝန်းကျေးရွာမှာ ဖမ်းဆီးခံလိုက်ရတဲ့ ဦးကျော်ဝင်းချေဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းစစ်ဘေးရှောင်စခန်းက အသက် ၃၄ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဆီးခံထားရတုန်း နောက်ထပ်မုဒိမ်းမှု တရားခံတယောက်နဲ့အတူ ထွက်ပြေးခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ လစဉ်လတိုင်းလိုလို မုဒိမ်းမှုတွေ ဖြစ်နေတာကြောင့် တရားဥပဒေစိုးမိုးမှုအပေါ် ပြည်သူတွေက မေးခွန်းထုတ်လာပြီးနောက် ဒီလပ်နဲ့ တရားရေးဌာန တွေက မုဒိမ်းမှုတရားခံတွေကို ထိရောက်တဲ့ဖမ်းဆီးမှုတွေနဲ့ ပြင်းထန်တဲ့ ပြစ်ချမှတ်တာတွေ ပြုလုပ်လာနေတာလည်းဖြစ်ပါတယ်။
အခုလို ဖမ်းဆီးပေးသူတွေကို ဂုဏ်ပြုဆုချီးမြှင့်တာဟာ ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်ပြီး နောက်ထပ် ရာဇဝတ် တရားခံတွေကို ဖမ်းဆီရာမှာလည်း အထောက်အကူပြုလာနိုင်တယ်လို မြေပုံမြို့ခံ တယောက်က ပြောပါတယ်။
“ထောင်ဖောက်ထွက်ပြေးနေတဲ့ ရာဇဝတ်မှုတရားခံတဦးကို ဖမ်းဆီးပေးသူကို ဂုဏ်ပြုဆု ချီးမြှင့်ပေးတာကို ကျနော်တို့ကတော့ ကြိုဆိုတယ်။ နိုင်ငံတကာမှာလည်း ဆုငွေထုတ်ပြီး ဖမ်းဆီးခိုင်းတာမျိုးတွေရှိတယ်။ ဒီလို ဂုဏ်ပြုဆုချီးမြှင့်မှုတွ်ပြုလုပ်တာက နောင်လည်း ရာဇဝတ်သားတွေကို ဖမ်းဆီးတဲ့အခါ ပြည်သူနဲ့ အာဏာပိုင်တွေအကြား တသားတည်း ပိုဖြစ်လာနိုင်တယ်” လို့ပြောပါတယ်။
ဦးကျော်ဝင်းချေနဲ့အတူ ထောင်ဖော်ထွက်ပြေးသွားတဲ့ ဦးဘိုသန်းဝင်းကိုလည်း အမြန်ဆုံး ပြန်လည်ဖမ်းဆီးရရှိနိုင်ဖို့အတွက် ဒီလပ်တပ်ဖွဲ့က ကြိုးပမ်းနေကြတယ်လို့လည်းသိရပါတယ်။
ဩဂုတ် ၅ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာက အမျိုးသမီးငယ် တယောက်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြတဲ့ တရားခံ ၃ ယောက်ကို သေဒဏ်နဲ့ ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ပါတယ်။











