
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်အတွင်း အချုပ်ထောင်ကို ဖောက်ပြီး ထွက်ပြေးသွားတဲ့ မုဒိမ်းမှု တရားခံ ၂ ယောက်ထဲက တယောက်ကို ဇူလိုင် ၂၆ ရက်က မြေပုံမြို့နယ်အတွင်းမှာ ပြန်လည် ဖမ်းဆီး ရမိခဲ့တယ်လို့ ဒီလပ်တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြန်လည်ဖမ်းဆီးရမိထားသူဟာ ၂၀၂၆ ခုနှစ် မေ ၇ ရက် ညနေပိုင်းက စစ်တွေခရိုင်ရှိ အချုပ် ထောင် တခုက တခြား မုဒိမ်းမှု တရားခံတယောက်နဲ့အတူ ထွက်ပြေးသွားကြတာ ဖြစ်ပါတယ်။
လက်ရှိမှာ ထွက်ပြေးသွားသူတွေထဲက ကျော်ဝင်းချေကို မြေပုံမြို့နယ် ပြင်ဝန်းကျေးရွာမှာ ပြန်လည်ဖမ်းဆီးရရှိခဲ့တာလို့ ဒီလပ်တပ်ဖွဲ့နဲ့ နီးစပ်သူ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်တွေခရိုင်က ထောင်ဖောက်ထွက်ပြေးနေတဲ့ မုဒိမ်းမှုကျူးလွန်သူ တရားခံ ၂ ဦးထဲက ကျော်ဝင်းချေ ဆိုသူကို မြေပုံမြို့နယ်မှာ ပြန်ဖမ်းဆီးရမိထားတာ ရှိတယ်။ နောက်တဦးကိုလည်း အမြန်ဆုံး ဖမ်းမိနိုင်ဖို့ ကြိုးပမ်းနေကြတယ်။ မုဒိမ်းမှု တရားခံတွေက လူ့အသိုက်အဝန်းအတွက် အရမ်းအန္တရာယ်ကြီးတာကြောင့် ဒီလပ်တပ်အနေနဲ့ အမြန်ဆုံးဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေကြတာ ရှိတယ်။”
ထောင်ဖောက်ထွက်ပြေးသွားသူ ၂ ယောက်မှာ မုဒိမ်းမှုကျူးလွန်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပေါက်တောမြို့နယ် ဂြိတ်ချောင်းကျေးရွာက ကျော်ဝင်းချေ (၅၁ နှစ်) နဲ့ ရသေ့တောင်မြို့နယ် ကြံတိုင်းအောင်ကျေးရွာက ဘိုသန်းဝင်း (၄၄ နှစ်) တို့ဖြစ်ပါတယ်။
ကျော်ဝင်းချေဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းစစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတယောက်ကို မုဒိမ်းကျင့်မှုနဲ့ စစ်တွေခရိုင်အတွင်းက အကျဉ်းထောင်တခုမှာ ထောင်ကျနေတာလည်း ဖြစ်ပါတယ်။
ကျော်ဝင်းချေကို ပြန်လည်ဖမ်းဆီးရရှိရာမှာ သူခိုးယူထားတဲ့ လှေတစီး၊ ဟွန်ဒါ (9-Hp) စက်တလုံး၊ Infinix ဖုန်းတလုံးနဲ့ Realme ဖုန်းတလုံးကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဒီလပ်တပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
လက်ရှိမှာ နောက်ထပ် လွတ်မြောက်နေဆဲဖြစ်တဲ့ မုဒိမ်းမှုတရားခံ ဘိုသန်းဝင်းကိုလည်း ဒီလပ်တပ်ဖွဲ့ဝင်တွေက အမြန်ဆုံးဖမ်းဆီးနိုင်ဖို့ အပူတပြင်း လိုက်လံရှာဖွေနေပါတယ်။
လက်ရှိမှာ ထောင်ဖောက်ပြီး ထွက်ပြေးနေတဲ့ မုဒိမ်းမှု တရားခံတယောက်ကို ဖမ်းဆီးရမိတာဟာ အထူးကောင်းမွန်ပေမဲ့ နောက်တယောက်ကိုလည်း ပြန်လည်ဖမ်းမိဖို့ အရမ်းအရေးကြီးတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာက အမျိုးသမီးငယ်တယောက်က ပြောပါတယ်။
“မုဒိမ်းကောင်တယောက်ကို ဖမ်းမိတယ် ဆိုတာကို ကျမတို့ကတော့ ကျေနပ်တယ်။ ဒါပေမဲ့လည်း နောက်တယောက်ကိုပါ ဖမ်းမိနိုင်ဖို့ အရေးကြီးတယ်။ မုဒိမ်းမှုနဲ့ ထွက်ပြေးနေသူတွေဟာ လူ့အသိုက်အဝန်းအတွက် အရမ်းစိုးရိမ်စရာဖြစ်တယ်။ နောက်ထပ်လည်း မုဒိမ်းကောင်တွေနဲ့ ရာဇဝတ်သားတွေ လွတ်မြောက်သွားတာမျိုး မရှိအောင် ထိန်းသိမ်းမှုတွေ တင်းတင်းကျပ်ကျပ် ရှိစေချင်တယ်။”
ဇူလိုင် ၁၈ ရက်က ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ်ကျေးရွာက အသက် ၂၃ နှစ်အရွယ် မိန်းကလေးငယ် တယောက် လက်ထိပ်ခတ်ပြီး မုဒိမ်းကျင့် သတ်ဖြတ်ခံရပြီးနောက် ရခိုင်ပြည်နယ် အတွင်းမှာ မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့အထိ လူထုတွေက တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။
ရခိုင်ပြည်နယ်က AA ထိန်းချုပ်မြို့နယ်တွေမှာ လတိုင်းလိုလို မုဒိမ်းမှု ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ လုံခြုံမှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေသလို ဥပဒေအရ အပြင်းထန်ဆုံး အရေးယူမှုတွေ ပြုလုပ်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။










