
ရခိုင်ပြည်၊ မြေပုံမြို့နယ်က ငါးဖမ်းသမား ၃ ယောက်ကို စစ်အာဏာရှင်ရေတပ်က ဖမ်းဆီးသွားပြီး ၂ ယောက်က ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲ့ဒီ အမျိုးသား ၃ ယောက်ဟာ အောက်တိုဘာ ၆ ရက်နေ့ ည ၉ နာရီလောက်မှာ ငါးဖမ်း ထွက်ရာကနေ မြေပုံနဲ့ ကျောက်ဖြူမြို့နယ်အစပ်၊ နာတန်ပွင့်အနီးကို ရောက်တဲ့အချိန်မှာ စစ်အာဏာရှင် ရေတပ်တစင်းရဲ့ ဖမ်းဆီးခံခဲ့ရတာလို့ မြေပုံဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“သူတို့က ဝမ်းရေးအတွက် ငါးဖမ်းထွက်တဲ့သူတွေပါ။ အဲ့ဒီအချိန်မှာ မြေပုံ-ကျောက်ဖြူအစပ်မှာ ကင်းလှည့်နေတဲ့ နေဗီနဲ့တွေ့သွားလို့ အဖမ်းခံရတာ။ စက်လှေတွေပါ၊ ပိုက်တွေပါသိမ်းသွားတယ်။"
အဲ့ဒီ ဒေသခံ အမျိုးသား ၃ ယောက်ဟာ ဖမ်းဆီးခံရချိန်မှာ စစ်အာဏာရှင်ရေတပ်ရဲ့ ရိုက်နှက်တာကို ခံခဲ့ရတဲ့အပြင် ပင်လယ်ထဲကိုတွန်းချကာ ကမ်းကို လက်ပစ် ကူးခိုင်းခဲ့တာကြောင့် ၂ ယောက် ပျောက်ဆုံးနေတယ်လို့ လွတ်မြောက်လာသူတယောက်ရဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသား တယောက်က ပြောပါတယ်။
“သုံးယောက်စလုံးက အရိုက်ခံရတယ်။ ပြီးတော့ ရေထဲခုန်ချပြီးကမ်းကူးခိုင်းတယ်။ အဲ့ဒီအထဲမှာ တယောက်က ငါးဖမ်းစက်လှေတစင်းနဲ့ တွေ့သွားလို့ အောက်တိုဘာ ၇ ရက်နေ့ အိမ်ပြန် ရောက်သွားတယ်။ နောက် ၂ ယောက်က လူစုကွဲသွားတော့ ဘယ်ရောက်သွားမှန်းမသိ သေလားရှင်လား မသိရသေး။"
ဖမ်းဆီးခံခဲ့ရသူတွေကတော့ မြေပုံမြို့နယ်က ဦးမြင့်ထွန်းအောင်၊ ဦးမြင့်မောင်ဆန်းနဲ့ ကိုရဲလင်းအောင်တို့ ဖြစ်ပြီး ဦးမြင့်မောင်ဆန်းနဲ့ ကိုရဲလင်းအောင်တို့ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းကလည်း မြေပုံနဲ့ ကျောက်ဖြူမြို့နယ်အစပ်၊ ဒေသအခေါ် နှာခေါင်းပေါက်၊ မြောက်ဖြူကျွန်းနဲ့ တထပ်ပွင့်အနီး ပင်လယ်ပြင်မှာ ငါးဖမ်းနေတဲ့ မြေပုံမြို့နယ်က ငါးဖမ်းသမား ၃ ယောက်ကို စစ်အာဏာရှင် ရေတပ်တစင်းက ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်ခဲ့သေးတယ်လို့ သိရပါတယ်။











