
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့မှာ မွေးရာပါ စိတ်ဝေဒနာသည်လည်းဖြစ် စကားမပြော နိုင်တဲ့ အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ တရားခံကို မိသားစုဝင်တွေက ကိုယ်တိုင် ဖမ်းဆီးပြီး DLEPS ရဲတပ်ဖွဲ့ဆီ အပ်နှံခဲ့ပေမဲ့ ရဲလက်ကနေ ပြန်လွတ်မြောက်သွား ပါတယ်။
လက်ရှိအချိန်ထိလည်း တရားခံလွတ်မြောက်နေဆဲဖြစ်လို့ နစ်နာသူမိသားစုဝင်တွေနဲ့ သက်သေတွေ က ရန်ပြုခံရမှာကို စိုးရိမ်နေကြပြီး အမြန်ဆုံး ဖမ်းဆီးအရေးယူပေးဖို့ တောင်းဆိုနေကြ ပါတယ်။
အောက်တိုဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ အမ်းမြို့နယ် ၊ တပ်တောင်မြို့က အမှတ်(၂) ရပ်ကွက်နေ အသက် ၄၄ နှစ်အရွယ် ဦးအောင်သန်းရွှေဟာ အိမ်နီးချင်းဖြစ်တဲ့ အသက် ၃၁ နှစ် အရွယ် မသန်စွမ်းအမျိုးသမီးကို "မာလကာသီး ခူးပေးမယ်" ဆိုကာ လှည့်ဖြားခေါ်ဆောင်ပြီး အဓမ္မ ပြုကျင့်ခဲ့တာပါ။
နစ်နာသူ အမျိုးသမီးဟာ မွေးရာပါ စိတ်ကျန်းမာရေးချို့ယွင်းနေပြီး အသိဉာဏ်အားဖြင့် ၃ နှစ်အရွယ် ကလေးငယ်လောက်သာ ရှိတဲ့အပြင် စကားလည်း မပြောတတ်ပါဘူး။
သူ့ရဲ့ နေ့စဉ် စားသောက်၊ ရေချိုး၊ သန့်စင်ရေးကအစ မိသားစုကသာ အစစအရာရာ လုပ်ကိုင် ပေးနေရသူ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားချိန်မှာ မိခင်ဖြစ်သူက မျက်မြင်တွေ့ရှိခဲ့တာဖြစ်ပြီး ထွက်ပြေးသွားတဲ့ တရားခံကို နစ်နာသူရဲ့ မိသားစုဝင်တွေကိုယ်တိုင် လိုက်လံဖမ်းဆီးခဲ့ကာ တပ်တောင်မြို့နယ် DLEPS (ဒီလပ်) စခန်းဆီ အပ်နှံခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ တရားခံ ဦးအောင်သန်းရွှေရဲ့ ထွက်ဆိုချက် တွေကို သက်သေယူပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပြီး အမှုကျူးလွန်ကြောင်း ဝန်ခံ ခဲ့တယ်လို့ ဒီလပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါပေမဲ့ အောက်တိုဘာ ၁၈ ရက်မှာ တရားခံကို ဒီလပ်တပ်ဖွဲ့က ခြေချင်းခတ် ထိန်းသိမ်း ထားတာ မရှိဘဲ စခန်းအနီး ရေခပ်ခိုင်းတာနဲ့ ခြံအလုပ်လုပ်ခိုင်းရာကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ် လို့ နစ်နာသူမိသားစုဝင်တွေက ပြောပါတယ်။
ဒါ့အပြင် တရားခံဟာ ဖမ်းဆီးခံရချိန်မှာ ခြိမ်းခြောက် ပြောဆိုခဲ့တာဖြစ်တဲ့အတွက် လက်ရှိမှာ နစ်နာသူ မိသားစုဝင်တွေရော သက်သေတွေပါ ရန်ပြုခံရာမှာကို စိုးရိမ်နေကြပါတယ်။
လက်ရှိမှာလည်း တရားခံလွှတ်မြောက်နေတာ ၁၀ ရက်ကျော်ရှိနေပြီဖြစ်တဲ့အတွက် အမြန်ဆုံး ဖမ်းဆီးအရေးယူပေးဖို့ နစ်နာသူမိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။
နစ်နာသူ မိသားစုဝင်တယောက်က "တရားခံ လွတ်မြောက်တဲ့နေ့က ဆိုလို့ရှိရင် သက်သေတွေရော အကုန်လုံး အိပ်တောင်မအိပ်ရဲကြဘူး။ သူတို့ကို ရန်ပြုမှာစိုးတဲ့အတွက်ကြောင့်။ တရားခံ လွတ်မြောက် နေတယ်ဆိုတာ တခြားသားကောင်တွေကို target ထားဖို့ သူ့အတွက် အခွင့်အရေး တွေ ပိုရနေတာပေါ့။ ဖမ်းဆီးပြီးခါမှ ပြန်ပြီးတော့ လွတ်မြောက်သွားတယ်ဆိုတာ ပိုလို့တောင် မဖြစ်သင့်ဘူး။ နစ်နာသူ မိသားစုအနေနဲ့ကလည်း အဓိကကတော့ တရားခံကို အမြန်ဆုံး ဖမ်းဆီးရမိချင်တာပေါ့နော်။ ပြီးတော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ချမှတ်ချင်တာပေါ့ ။ ဖမ်းဆီးမရရှိတဲ့ အချိန်တွေ အကြာကြီး ဖြစ်နေမှာတော့ အဲဒီလိုဟာမျိုးက အဆင်မပြေဘူး ညီမတို့အတွက်က။ ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ ကိုယ်တို့ရဲ့ လုံခြုံရေးအရ အဆင်မပြေသလို ဒီတရားခံ ဖမ်းဆီးမရမိမချင်း ကိုယ်တို့အပေါ်မှာ ရှိနေတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေက ပိုပြီးတော့ ပြင်းထန်တယ်ပေါ့နော်”လို့ ပြောပါတယ်။
တဖက်မှာလည်း ခုလို ဖြစ်ရပ်ကြောင့် မွေးရာပါ မသန်စွမ်းဖြစ်နေတဲ့ နစ်နာသူအမျိုးသမီးဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ရုံသာမက စိတ်ပိုင်းဆိုင်ရာ ခြောက်ခြားမှုတွေကိုပါ ခံစားနေရပါတယ်။
နစ်နာသူ မိသားစုဝင်တယောက်က “နစ်နာသူ ကိုယ်တိုင်က နဂိုကတည်းက စိတ်မနှံ့ဘူး၊ မသန်စွမ်းဘူး၊ စကားမပြောတတ်ဘူးဆိုတော့ သူ့ရဲ့ ဘဝ နေ့စဉ်နဲ့အမျှ ဖြတ်သန်းနေရတဲ့ အခက်အခဲတွေထဲမှာမှ ဒီ အဖြစ်ကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုက ပထမဦးဆုံးပေါ့။ အဲဒီအပြင် ဒီလူမှုရေးဘက်မှာ သူက စိတ်ရှုပ်တာတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီးဖြစ်တာပေါ့။ အခုနောက်ပိုင်းဆိုလို့ရှိရင် ဘယ်သူ့မှ မခေါ်ရဲဘူးလေ ဒီကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်း။ ကလေးတွေလည်း မခေါ်ရဲဘူး၊ လူကြီးတွေလည်း မခေါ်ရဲဘူး၊ နှုတ်တောင် မဆက်ရဲတော့ သူ့အနေနဲ့လည်း ဒီအပြောင်းအလဲတွေကို sensitive ဖြစ်တာပေါ့။ အခုနောက်ပိုင်းဆိုလို့ရှိရင်လည်း အိပ်နေရင်း အသံနည်းနည်းလောက် ကြားတယ်ဆိုလို့ရှိရင် သူနိုးတာမျိုးတို့တော့ ရှိပါတယ်။ အခုဆိုလို့ရှိရင် အိမ်တွင်းက အိမ်ပြင်မထွက်ရတဲ့အတွက်ကြောင့် သူက စိတ်အဆင်မပြေမှုတွေ၊ စိတ်ခြောက်ခြားမှုတွေ၊ ဒီလို ကျဉ်းကျပ်မှုတွေပေါ့နော်။ အဲ့ဒီလိုဟာတွေကြောင့် ပိုပြီးတော့ စိတ်မငြိမ်ဘူးပေါ့နော်”လို့ ပြောပါတယ်။
လက်ရှိ မြေပြင်မှာ တရားခံ လွှတ်မြောက်နေဆဲဖြစ်နေပေမဲ့ အောက်တိုဘာ ၂၅ ရက်မှာတော့ အာရက္ခမှုခင်းသတင်းထုတ်ပြန်ရေးအဖွဲ့က တရားခံကို ဖမ်းဆီးထားဆဲလို့ ထုတ်ပြန်ခဲ့ပါတယ်။
တဖက်မှာလည်း တရားခံ ဖမ်းဆီးရမိပြီးမှာ ခုလို ထွက်ပြေးလွတ်မြောက်သွားတာဟာ ဒီလပ်တပ်ဖွဲ့ရဲ့ ပေါ့လျော့မှုတွေကြောင့်သာဖြစ်ပြီး ဒီလပ်ရဲ့ ဖမ်းဆီးထိန်းသိမ်း ထားတယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ မြေပြင်အခြေအနေနဲ့မတူဘဲ လုံးဝမှားယွင်းနေပါတယ်လို့ နစ်နာသူမိသားစုဝင်တွေက ပြောပါတယ်။
ဒီလို ပြစ်မှုကျူးလွန်သူကို ပေါ့လျော့စွာ လွတ်မြောက်စေခဲ့တဲ့ ဒီလပ်တပ်ဖွဲ့ရဲ့ တာဝန်မဲ့မှုနဲ့ ပတ်သက်ပြီး ရခိုင်က ဥပဒေရေးရာ ကျွမ်းကျင်သူတယောက်က “နစ်နာသူမိသားစုရဲ့ နစ်နာမှုတွေကို ဥပဒေကြောင်းအရကုစားပေးဖို့က ထွက်ပြေးတိမ်းရှောင်နေတဲ့ စွပ်စွဲခံရသူကို ဖမ်းဆီးရမိဖို့ လိုပါတယ်။ မိမိတို့ကိုယ်တိုင် ဖမ်းဆီးပြီးမှ အပ်ထားတဲ့ စွပ်စွဲခံရသူ လွှတ်သွားတာဟာ အင်မတန်ပေါလျော့ပါတယ်။ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းရဲ့ ဥပဒေကို သိနားလည်မှုနဲ့ လုံခြုံရေးဆောင်ရွက်တာ အင်မတန်ပေါ့လျော့ကြောင်းမြင်သာပါတယ်။ အဲဒီတာဝန်ကျတဲ့ ရဲအရာရှိတွေ၊ ရဲတွေကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ နဲ့ အရေးယူလို့ရပါတယ်။ တော်လှန်ရေးအဖွဲ့အစည်း တော်တော်များများမှာ လုံခြုံပြီး၊ စံအရည်အသွေးပြည့်မီတဲ့၊ ခိုင်ခံ့တဲ့ အကျဉ်းထောင် သိပ်မရှိလှပါဘူး။ ဒါကလည်း နယ်မြေအနေအထားနဲ့ Air Strikes ကြောင့်လည်း ဖြစ်ပါတယ်။ ထို့အတူ အကျဉ်းထောင်အများစုမှာ အကျဉ်းသားတွေဟာ ကိုယ်တိုင် ရေခပ်ရတာတွေ၊ အလုပ် လုပ်ကြရတာတွေရှိပါတယ်။ ဒါဟာ လုံခြုံရေးအမြင်နဲ့ ကြည့်ရင် အတော်အန္တရာယ်များ လှပါတယ်”လို့ ပြောပါတယ်။
လွတ်မြောက်သွားတဲ့ တရားခံဟာ အောက်တိုဘာ ၁၉ ရက် ညပိုင်းမှာ နစ်နာသူတို့ နေထိုင်ရာ ရပ်ကွက်ထဲကို ပြန်လည်ရောက်ရှိလာခဲ့တဲ့အတွက် မိသားစုဝင်တွေဟာ ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး တရားခံကို နေ့ညမပြတ် ရှာဖွေနေကြရပါတယ်။
ဒါကြောင့် သက်ဆိုင်ရာတာ ဝန်ရှိသူတွေရဲ့ ပေါ့လျော့မှုကို စစ်ဆေးအရေးယူပေးဖို့နဲ့ လွတ်မြောက်နေတဲ့ တရားခံကို အမြန်ဆုံး ဖမ်းဆီးပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ နစ်နာသူမိသားစုဝင်တွေ တောင်းဆိုနေကြပါတယ်။
ကေခိုင်











