
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ မကွေးတိုင်းအစပ်ရှိ ကျော်လမ်း ၂ နေရာမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်တပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မင်းတုန်းမြို့နယ်၊ သဖန်းရောင်မှ အမ်းမြို့နယ်၊ တလိုင်းတောင်သို့ ဆက်သွယ်ဖောက်လုပ်ထားတဲ့ လမ်းအတိုင်း တက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ AA တပ်တွေ အမ်းမြို့နယ်နဲ့ ငဖဲမြို့နယ်ကြားရှိ နတ်ရေကန် လမ်းဟောင်း၊ ပဇီကျေးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
"မနေ့ကတော့ အဲဒီ ပဇီရွာဘက်မှာ စစ်ကောင်စီက ထိုးစစ်ဆင် တက်လာလို့ နှစ်ဖက်တိုက်ပွဲ ဖြစ်နေတာပါ။ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ပစ်တာရော လက်နက်ကြီး ပစ်ကူပေးတာတွေပါ ရှိပါတယ်။”
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကြားရှိ ရိုးတောင်လမ်းမှာလည်း မင်းတုန်းဘက်က ထိုးစစ်ဆင် တက်လာတဲ့ စစ်အာဏာရှင် စစ်ကြောင်းနှင့် AA တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး ထိခိုက်ကျဆုံးအခြေအနေကို မသိရေးသေးဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
"အဲဒီ စစ်ကောင်စီ စစ်ကြောင်းတွေဟာ သဖန်းဆိပ် (သဖန်းရောင်) ဘက်ကနေ တက်လာတာပါ။ ရိုးလမ်း ပတ်ဝန်းကျင်မှာ မနေ့ကတည်းက ဖြစ်နေကြတာပါ။”
အမ်းလမ်း၊ တလိုင်းတောင်လမ်းတို့မှာ တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်လာပြီး တိုက်ပွဲဖြစ်ပွားရာ ဧရိယာ ပတ်ဝန်းကျင်နဲ့ တချို့နေရာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက် နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။











