
ရန်ကုန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင်းဆီလှုပ်ရှားမှုကို စစ်အာဏာရှင်တပ်က စောင့်ကြည့်ဖမ်းဆီးဖို့ အမိန့်ပေးထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဇွန် ၁၉ ရက်မှာ ကျရောက်မဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်ပြုလုပ်မှာ ဖြစ်လို့ စစ်အာဏာရှင်တွေဘက်က စောင့်ကြည့်ဖမ်းဆီးဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အမေစုမွေးနေ့နဲ့ပတ်သက်ပြီး အထူးလုံခြုံရေးလုပ်ဖို့ ခရိုင်ရဲမှူးတွေကတဆင့် ညွှန်ကြားထားတယ်။ သူတို့ ဖမ်းချင်သလို ဖမ်းမယ်ပေါ့။ ပြည်သူတွေအနေနဲ့ ဒီကိစ္စကိုပါမယ်ဆိုရင် လုံခြုံရေးသတိထားဖို့တော့ လိုလိမ့်မယ်”လို့ DVB ကိုပြောပါတယ်။
စစ်အာဏာရှင်က ခုံးတံတားတွေ၊ ဈေးတွေ၊ ဘုရားတွေ၊ ဈေးဝယ်စင်တာတွေမှာ အရပ်ဝတ် လုံခြုံရေးချထားမှာ ဖြစ်သလို ပန်းကိုင်လာတဲ့ အရပ်သားတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေအနေနဲ့ ဇွန် ၁၉ ရက်မှာ နှင်းဆီပန်း ဒါမှမဟုတ် တခြားပန်းတမျိုးမျိုးကို ဘုရားတင်တာ၊ ပန်ဆင်တာ၊ အပြန်အလှန် ဝေငှတာတွေလုပ်တာ၊ ပန်ဆင်၊ ကိုင်ဆောင်ထားတဲ့ ပန်းဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ မျှဝေတာ၊ မြေပြင်သပိတ်လှုပ်ရှားမှုတွေမှာ နှင်းဆီပန်းတွေ ကိုင်ဆောင်တာတွေနဲ့ ပါဝင်နိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “သူတို့ဘက်ကတော့ အရပ်ဝတ်တွေနဲ့ စောင့်ကြည့်မယ်။ ပန်းကိုင်လာတာမျိုးတွေ၊ ဈေးတွေမှာ ပန်းရောင်းတာတွေကို တင်းကျပ်မယ်။ ပြီးရင် အဲဒီနေ့မှာ နှင်းဆီပန်းနဲ့ပတ်သက်တာမျိုးတွေဆိုရင် ဖမ်းမယ်။ ဒါက အရင်ကလည်း လုပ်နေတာပဲ။ ဒီတခါ မိရင် လုံးဝခွင့်လွှတ်မှာလည်း မဟုတ်သလို လျှော့ပေါ့ပေးတာတွေလည်း လုပ်မှာမဟုတ်ဘူး။ ပုဒ်မ ၅၀၅ တောင် တပ်မှာမဟုတ်ဘဲ အကြမ်းဖက်မှုနဲ့ တရားစွဲဆိုလိမ့်မယ်။ ပိုပြီးသတိထားဖို့ လိုပါလိမ့်မယ်”လို့ ဆက်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြဖို့ ပြည်သူတွေက Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်ကစတင်ပြီး တောင်းဆိုကြပေမဲ့ အာဏာရှင်စစ်တပ်ဘက်က တိကျထင်ရှားတဲ့ သက်သေထုတ်ပြခြင်းမျိုး မရှိသေးပါဘူး။
စစ်အာဏာရှင်ဟာ ဒီမိုကရေစီစနစ် သွားမယ်လို့ ကြွေးကြော်နေပေမဲ့ မြန်မာပြည်သူတွေကတော့ အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြသခွင့်မရရှိသေးပါဘူး။










