
တောင်ကိုရီးယားက ၂၀၂၆ ခုမှာ မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သား အယောက် ၅၀,၀၀၀ အထိ လျှော့ချခေါ်ယူဖို့ သတ်မှတ်လိုက်တယ်လို့ အဲဒီနိုင်ငံ အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လာမဲ့နှစ်မှာ မြန်မာအပါအဝင် နိုင်ငံ ၁၇ နိုင်ငံက လုပ်သား ၈၀,၀၀၀ ခေါ်ဖို့ လျာထားတာဖြစ်ပြီး အခုနှစ်ထက် ဦးရေ ၅၀,၀၀၀ လျော့သွားကာ လုပ်သားခေါ်ယူမှု ၃၈ ရာခိုင်နှုန်းအထိ လျှော့ချလိုက်တာ ဖြစ်ပါတယ်။
အဲဒီလို လုပ်သားခေါ်ယူနှုန်း လျှော့ချလိုက်တဲ့အတွက် မြန်မာလုပ်သားတွေအနေနဲ့ သွားရောက်လုပ်ကိုင်နိုင်ဖို့အတွက် အခုထက် အခွင့်အရေး ပိုနည်းသွားဖို့ရှိတယ်လို့ ကိုရီးယား အလုပ်အကိုင်နဲ့ ဘာသာစကားသင်တန်း နည်းပြတယောက်က ပြောပါတယ်။
“မြန်မာလုပ်သားတွေအတွက် စိန်ခေါ်မှု ပိုများသွားမဲ့ အခြေအနေ ဖြစ်သွားတယ်။ အခုလက်ရှိ လုပ်ငန်းခွင် ဝင်နေသူတွေရဲ့ ကြိုးစားမှုအပေါ် မူတည်တယ်။ မြန်မာတွေ အလုပ်ကြိုးစားတယ်ဆိုရင် လျှော့လိုက်တဲ့ထဲကမှ မြန်မာကို ပိုပြီး ဦးစားပေး ခေါ်ခံရနိုင်တယ်။”
အခုလို လုပ်သားခေါ်ယူတာ လျှော့ချဖို့အတွက် ဒီဇင်ဘာ ၂၂ ရက်မှာလုပ်တဲ့ နိုင်ငံခြားသားလုပ်သား မူဝါဒကော်မတီ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာလို့ ကိုရီးယားအစိုးရက ဆိုပါတယ်။
ကိုဗစ်ကပ်ရောဂါအလွန်မှာ နိုင်ငံခြားသားလုပ်သား လိုအပ်ချက် မြင့်တက်ခဲ့ပေမဲ့ အခုချိန်မှာ အတိုင်းအတာတခုအထိ လိုအပ်ချက် ပြည့်မီခဲ့သလို ကုန်ထုတ်လုပ်ငန်းနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေမှာ လစ်လပ်နေရာ သိသိသာသာ လျော့နည်းသွားတဲ့အတွက် လျှော့ချဖို့ ဆုံးဖြတ်ရတာလို့ အသိပေးထားပါတယ်။
လုပ်သားခေါ်ယူမဲ့ ခွဲတမ်းသတ်မှတ်ချက်အနေနဲ့ ကုန်ထုတ်လုပ်ငန်းအတွက် ၅၀,၀၀၀၊ စိုက်ပျိုးရေး/မွေးမြူရေးအတွက် ၁၀,၀၀၀၊ ငါးဖမ်းလုပ်ငန်းအတွက် ၇,၀၀၀၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ၂,၀၀၀၊ ဝန်ဆောင်မှုလုပ်ငန်းအတွက် ၁,၀၀၀ နဲ့ လုပ်ငန်းကဏ္ဍအလိုက် လိုအပ်ချက်ရှိလာရင် ထပ်ခေါ်နိုင်ဖို့ အပိုလျာထားတာ ၁၀,၀၀၀ ဖြစ်တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားက ခေါ်ယူဖို့ အနည်းဆုံး လုပ်ငန်းအမျိုးအစားဖြစ်တဲ့ ဝန်ဆောင်မှုကဏ္ဍမှာ မြန်မာနိုင်ငံ အမျိုးသမီးလုပ်သားတွေကို ဒီနှစ်ကမှ ပထမဆုံး သွားရောက်ခွင့်ပြုခဲ့တာဖြစ်ပြီး အဲဒီလုပ်ငန်းအတွက် စာမေးပွဲအောင်ကာ အလုပ်ခေါ်စာစောင့်နေသူ ၃,၀၀၀ လောက်ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
အဲဒီ စာမေးပွဲအောင်ထားသူတွေရဲ့ အလုပ်ခေါ်စာသက်တမ်းက ဒီဇင်ဘာလကုန်မှာ ပြည့်မှာဖြစ်ပြီး သွားခွင့်ရတာ ၁၀ ယောက်ထက် မပိုသေးတာကြောင့် သက်တမ်းထပ်တိုးဖို့ စိတ်ကုန်နေသူတွေ ရှိတယ်လို့ ကိုယ်တိုင် အလုပ်ခေါ်စာ စောင့်နေသူတယောက်က ပြောပါတယ်။
“ကိုယ့်ဆီကတင် စောင့်နေသူက ၃,၀၀၀ လောက်ရှိတာ။ တခြားနိုင်ငံတွေအပါကိုမှ လူ ၁,၀၀၀ ပဲ ခေါ်မှာဆိုတော့ အခွင့်အရေးက တအားနည်းသွားတယ်။ စိတ်ပျက်ပြီး သက်တမ်း ထပ်မတိုးတော့ဘူး ဆိုတဲ့သူတွေ ရှိတယ်။ ဂျပန်ဘက် လှည့်သွားကြတဲ့သူတွေလည်း များတယ်။ ညီမကတော့ တခြားအလုပ် လုပ်ရင်း ဆက်စောင့်ကြည့်မယ်လို့ စိတ်ကူးထားတယ်။”
တောင်ကိုရီးယားက လာမဲ့နှစ်မှာ ခေါ်ယူမဲ့ နိုင်ငံခြားသားလုပ်သား အရေအတွက် လျှော့ချ သတ်မှတ်ခဲ့သလို အခုနှစ်မှာလည်း လုပ်သား ၁၃၀,၀၀၀ ခေါ်ဖို့ ခွဲတမ်းသတ်မှတ်ခဲ့ပေမဲ့ ၅၀,၀၀၀ လောက်ပဲ ခေါ်နိုင်သေးတယ်လို့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။
လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ EPS စနစ်နဲ့ မြန်မာလုပ်သား ၈၀,၀၀၀ နီးပါး ရောက်ရှိ လုပ်ကိုင်နေတယ်လို့လည်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။











