
မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ချင်းကာကွယ်ရေးတပ် (CDF Asho) က ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ချင်းကာကွယ်ရေးတပ် (CDF Asho) ရဲ့ တပ်ဖွဲ့ဝင်တယောက်က “စကစဘက်က တပ်သားသစ် ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ရှေ့တန်းစစ်မြေပြင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဘက်ပြောင်းခိုလှုံလာကြတာ” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီလက်အောက်ခံ ၃ ယောက်ဟာ တပ်မ ၈၈ လက်အောက်ခံတွေ ဖြစ်ကြပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နဲ့ ဒီဇင်ဘာ ၁၉ ရက်တွေမှာ သေနတ် ၂ လက်အပြင် ခဲယမ်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်း တချို့တို့နဲ့အတူ အလင်းဝင်ရောက်လာကြတာလို့ဆိုပါတယ်။
CDF Asho ပြန်ကြားရေးတာဝန်ခံက “သူတို့ ၃ ယောက်က နတ်ရေကန်လမ်းဟောင်း၊ ပဇီရွာနားမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေထဲကနေ ထွက်ပြေးလာပြီး အလင်းဝင်လာကြသူတွေပါ။ ရှေ့တန်းစစ်မြေပြင်တွေမှာ သူတို့ရဲ့ အထက်တပ်မှူးတွေက အနိုင်ကျင့် ဗိုလ်ကျတာတွေနဲ့ ညှဉ်းပန်းနှိပ်စက်တာတွေ နေ့တိုင်းပြုလုပ်နေလို့ မခံနိုင်တော့တဲ့အဆုံးမှာ ထွက်ပြေးလာကြတာပါ။ သူတို့တွေရဲ့ ပြောစကားအရကတော့ ကျန်ခဲ့သူတွေထဲမှာလည်း စစ်မတိုက်ချင်ဘဲ ထွက်ပြေးချင်နေကြတဲ့သူတွေ အများကြီး ကျန်နေခဲ့သေးတယ်လို့ သိရတယ်။ အခုအလင်းဝင်လာကြတဲ့ ၃ ယောက်လုံးကတော့ စစ်မှုထမ်းအဖြစ် စုဆောင်းခံထားရသူတွေ ဖြစ်ကြပါတယ်။ သူတို့တွေကို လုံခြုံတဲ့နေရာ ပို့ပေးထားပြီးတော့ မိသားစုတွေနဲ့ ဆက်သွယ်နိုင်ဖို့ကိုလည်း စီစဥ်ပေးထားပါတယ်” လို့ DVB ကို ပြောပါတယ်။
နတ်ရေကန်စခန်းအနီး စစ်မြေပြင်အတွင်းက မတရားစစ်မှုထမ်းနေရတဲ့ လူငယ်တွေအနေနဲ့လည်း CDF Asho နဲ့ အမြန်ဆုံး ချိတ်ဆက်ကာ အချိန်မရွေး ဘက်ပြောင်း အလင်းဝင်ရောက်ကြဖို့ ဖိတ်ခေါ်လိုပြီး အလင်းဝင်ရောက်လာသူတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက်လည်း အပြည့်အဝ အာမခံတယ်လို့ သူက ဆက်ပြောပါတယ်။
အခုလက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်ရဲ့ နတ်ရေကန်ဗျူဟာကုန်းနဲ့ ဂုတ်ကြီးစခန်းအနီးမှာ စစ်ရေးအခြေအနေတွေ တင်းမာနေသလို စစ်ကောင်စီဘက်ကလည်း နတ်ရေကန်ဗျူဟာကုန်းကို အင်အားထပ်မံတိုးမြှင့် ပို့ဆောင်တာတွေ ပြုလုပ်နေတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။











