
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အမှတ် ၅၈၆ ခြေမြန်တပ်ရင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို ရေးဘီလူးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၃၀ ရက်မှာ ရေးမြို့နယ်အခြေစိုက် ခမရ ၅၈၆ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၃ ယောက် ရေးဘီလူးတပ်ရင်း ရှေ့တန်းစစ်မျက်နှာနေရာကို ထွက်ပြေးတိမ်းရှောင်လာတာဖြစ်ပြီး စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို ရေးဘီလူးတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်တာလို့ ဆိုပါတယ်။
ရေးဘီလူးတပ်ဖွဲ့ တာဝန်ခံက “သူတို့မှာ လက်နက်တွေ ဘာတွေ မပါဘူး။ လူအလွတ်ပဲ တပ်ကနေ ထွက်ပြေးလာရင်းနဲ့ ကျနော်တို့ ရေးဘီလူး စစ်မျက်နှာဖွင့်ထားတဲ့နေရာကို ရောက်လာပြီး အကူအညီတောင်းလာလို့ ဖမ်းဆီးထိန်းသိမ်းလိုက်တာ” လို့ ပြောပါတယ်။
ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ဟာ စစ်မှုထမ်းအပတ်စဥ် ၁၂ မှ အသက် ၂၄ နှစ်အရွယ် စစ်မှုထမ်းတပ်သား အောင်သန်းဦး၊ အသက် ၂၉ နှစ်အရွယ် တပ်သားသစ် ရန်နိုင်ဝင်း၊ အသက် ၂၃ နှစ်အရွယ် တပ်သားသစ် ချစ်ထွန်းတို့ ဖြစ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။
စစ်တပ်က နိုင်ငံတဝန်းမှာရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးကာ စစ်သင်တန်းပို့ချပြီး ရှေ့တန်းစစ်မြေပြင်တွေ ပို့ပေးနေတာကြောင့် ရှေ့တန်းစစ်မြေပြင်တွေမှာ သေဆုံးမှုတွေ များပြားလာနေပြီး ရှေ့တန်းစစ်မြေပြင် မရောက်ခင်မှာ ထွက်ပြေး လွတ်မြောက်မှုတွေ ရှိနေတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။











