DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်း ပြန်စမည့်အပေါ် ကချင်ပြည်သူများ ကန့်ကွက် ဆန္ဒပြ
DVB
·
December 24, 2025
မြစ်ဆုံစီမံကိန်း ပြန်စမည့်အပေါ် ကချင်ပြည်သူများ ကန့်ကွက် ဆန္ဒပြ
Donate to DVB

ဧရာ၀တီမြစ်ဆုံစီမံကိန်းကို စစ်တပ်က အတင်းအကျပ် ပြန်လည်စတင်ပြီးနောက် စီမံကိန်းတွေကို ကန့်ကွက်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်ထားပေမဲ့ ကချင်ပြည်သူတွေက မြစ်ဆုံစီမံကိန်း ပြန်လည်ပြုလုပ်မဲ့အပေါ် ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ 

စစ်အုပ်စု ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ဒီဇင်ဘာ ၁၆ ရက် ကချင်ပြည်နယ်ခရီးစဥ်မှာ မြစ်ဆုံစီမံကိန်း  ပြန်လည်စတင်ဖို့ ဆည်ရဲ့ ဒီဇိုင်းကို တရုတ်နဲ့ ညှိနှိုင်းနေပြီလို့ ပြောဆိုခဲ့တာပါ။

အဲဒီနောက် စစ်အုပ်စုခွင့်ပြုထားတဲ့ စီမံကိန်းတွေကို အထောက်အထားမခိုင်လုံဘဲ ကန့်ကွက်ရင် ကန့်ကွက်တဲ့ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်လို့ မြန်မာစစ်တပ်လက်အောက်ခံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က ပြန်လည် စတင်မဲ့ ဧရာ၀တီမြစ်ဆုံစီမံကိန်းကို ကချင်ပြည်သူတွေက ဖားကန့်မြို့နယ်မှာ ဒီဇင်ဘာ ၂၄ရက်က ပထမဆုံးအကြိမ် စတင်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဖားကန့်ဒေသခံတယောက်က “စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နဲ့ တရုတ်အစိုးရတို့ဟာ ကချင်လူမျိုးတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်ဒေသ သာမက တနိုင်ငံလုံးရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ပေါ်မှာ ဆည်ဆောက်ပြီးတော့ စီမံကိန်းလုပ်ဖို့ အကောင်အထည်ဖော်နေတာရှိတယ်။ ဒီမြစ်ဆုံဆည်စီမံကိန်းကို တနိုင်ငံလုံးက ပြည်သူတွေအနေနဲ့ လုံးဝအလိုမရှိဘူး။ တနိုင်ငံလုံးက ပြည်သူတွေအနေနဲ့လည်း ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းချင်ပါတယ်။ တရုတ်အစိုးရအနေနဲ့လည်း မြန်မာတနိုင်ငံလုံး ဝိုင်းဝန်းကန့်ကွက်ထားတဲ့ မြစ်ဆုံစီမံကိန်းကို ချက်ချင်းရပ်တန့်ဖို့ ပြည်သူတွေအနေနဲ့ တောင်းဆိုတယ်။ တရုတ်အစိုးရအနေနဲ့ စစ်အာဏာရှင် သက်ဆိုးရှည်မဲ့ ကိစ္စတွေ၊ မြစ်ဆုံဆည်စီမံကိန်း ပြန်စတင်မဲ့ကိစ္စတွေကို ချက်ချင်းရပ်တန့်ပါလို့ တိုက်တွန်းချင်ပါတယ်”လို့ ပြောပါတယ်။

မြစ်ဆုံစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောနဲ့ ကီလိုမီတာ ၁၀၀ (မိုင် ၆၀) လောက်သာ ‌ဝေးတာကြောင့် ငလျင်လှုပ်ခဲ့ရင် ရေကာတာပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေပြီး ပြိုကျခဲ့ရင်တော့ မြစ်ကြီးနားမြို့ဟာ ရေလွှမ်းမိုးနိုင်တယ်လို့ အစီရင်ခံစာတွေက ဆိုထားပါတယ်။

ဒါ့အပြင် မြစ်ဆုံဆည်တည်ဆောက်မှုကြောင့် ဧရာဝတီမြစ်ကြောင်းတလျှောက် ဇီဝမျိုးစိတ်တွေရဲ့ အသက်ရှင်မှုအပါအဝင် ပြောင်းလဲမှုမျိုးစုံဖြစ်လာနိုင်တာကြောင့် ဧရာဝတီကိုမှီခိုနေရတဲ့ မြန်မာနိုင်ငံရဲ့ လူမှုဘဝတွေဟာလည်း ပြောင်းလဲမှုတွေဖြစ်လာနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

သမ္မတဦးသိန်းစိန် လက်ထက်က ၁၀ စုနှစ်တစ်စုကျော် ရပ်ဆိုင်ထားခဲ့တဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်အကောင်ထည်ဖော်ဖို့အတွက်  အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်ပြင်ဆင်လာတာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၂၀၀၂ ခုနှစ် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်ကတည်းက လေ့လာကာ တရုတ် CPI ကုမ္ပဏီနဲ့ အကျိုးတူလုပ်ကိုင်ခဲ့ပြီး ဒေသခံနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ကန့်ကွက်မှုကြောင့် ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာက ရပ်နားခဲ့တာ ဖြစ်ပါတယ်။

မြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်တဲ့လှုပ်ရှားမှုနဲ့အတူ တရုတ်အစိုးရရဲ့ ထောက်ပံ့ကူညီမှုနဲ့အတူ စစ်ခေါင်းဆောင်ပြုလုပ်မဲ့ ရွေးကောက်ပွဲကိုလည်း ကန့်ကွက် သပိတ်မှောက်ကြဖို့ ဖားကန့်မြို့နယ်လုံးဆိုင်ရာ သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။

“အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတရပ်လုံး သပိတ်မှောက်ကြဖို့၊ လုံးဝလုံးဝ မဲမပေးကြဖို့ နှိုးဆော်ရခြင်းဖြစ်တယ်။ ဘာကြောင့် အတုအယောင် ရွေးကောက်ပွဲလို့ ပြောရသလဲဆိုရင် ဒီရွေးကောက်ပွဲကျင်းပတဲ့ ပုဂ္ဂိုလ်တွေဟာ မြန်မာနိုင်ငံရဲ့ မြို့တွေရွာတွေ အဆမတန်ဖျက်ဆီးပြီးမှ ပြည်သူတွေကိုလည်း အပြစ်မဲ့ဖမ်းဆီးပြီး ရက်စက်စွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ရွေးကောက်ပွဲဟာလည်း အတုအယောင်လို့ ကျနော်တို့ပြောရခြင်း ဖြစ်ပါတယ်။ ပြည်သူလူထုတွေရဲ့ ဆန္ဒကို ပစ်ပယ်ပြီး လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကိုလည်း ကျနော်တို့က အတုအယောင်လို့ ပြောရခြင်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတရပ်လုံး အတုအယောင် ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ နှိုးဆော်ရခြင်းဖြစ်တယ်။”

စစ်တပ်က ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းနဲ့ ပြုလုပ်ဖို့စီစဥ်ထားပြီး အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်နေ့ မြို့နယ် ပေါင်း ၁၀၂ မြို့နယ်မှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းသာလိုတော့ပေမဲ့ ပြည်သူတွေက လက်မခံဘဲ ဆက်လက်ဆန့်ကျင်နေတာကြောင့် ရွေးကောက်ပွဲဥပဒေတွေနဲ့ ဖမ်းဆီးအရေးယူမှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။ 

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013