
ဧရာဝတီမြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ပြီးရင် တနိုင်ငံလုံး လျှပ်စစ်မီး လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ်လို့ စစ်အာဏာရှင်ရဲ့ ပြောခွင့်ရသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။
ဇွန် ၃၀ ရက် ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်အာဏာရှင်အစိုးရရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အရပ်သားအစိုးရလက်ထက်ကနေ ဒီကနေ့အထိ ကချင်ပြည်နယ်က ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေ အပြင်းအထန် ကန့်ကွက်နေတဲ့ကြားက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဆက်လုပ်ဖို့ စစ်အာဏာရှင်အစိုးရဘက်က ထပ်မံထုတ်ပြောလာတာပဲ ဖြစ်ပါတယ်။
မြစ်ဆုံဒေသမှာ စီမံကိန်းအကောင်အထည်ဖော်နိုင်မဲ့ နေရာ ၇ နေရာရှိတဲ့အနက် မြစ်ဆုံနဲ့ အနီးဆုံး နေရာတခုတည်းကတင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅,၆၀၀ အထိ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်းမှာလည်း မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေက ဒေသခံပြည်သူတွေကို တွေ့ဆုံ ရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေါက်တာခိုင်ခိုင်စိုးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။











