DVB Logo
Home
မြန်မာသတင်း
မြန်မာ ၄ ဦးကို ဘတ် ၇ သန်းခွဲတန်ဖိုးရှိ ဒရုန်း ၁၀ စင်းနှင့်အတူ ထိုင်းရဲ ဖမ်းဆီး 
DVB
·
December 24, 2025
မြန်မာ ၄ ဦးကို ဘတ် ၇ သန်းခွဲတန်ဖိုးရှိ ဒရုန်း ၁၀ စင်းနှင့်အတူ ထိုင်းရဲ ဖမ်းဆီး 
1 / 2
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်အနီး ဟိုတယ်တလုံးမှာ တည်းခိုနေတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ထံကနေ မြန်မာစစ်တပ်အတွက် ပို့ပေးဖို့လို့ယူဆရတဲ့ ဒရုန်း ၁၀ စင်း ဖမ်းဆီးရမိတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဘန်ကောက် လတ်ကဘန်းနယ်မြေ၊ သုဝဏ္ဏဘူမိလေဆိပ်အနီးက ဟိုတယ်မှာလာရောက် တည်းခိုနေတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ဟာ ဒီဇင်ဘာ ၂၁ ည နဲ့  ၂၂ ညနေပိုင်းမှာ ကြီးမားတဲ့ ဂျပ်ဖာပုံးတွေ မှာယူနေတာ တွေ့ရှိတယ်၊  သူတို့ကတော့ အရုပ်ပုံစံ(မော်ဒယ်) တွေလို့ ပြောပေမဲ့ သင်္ကာမကင်းဖြစ်လို့ ဟိုတယ်တာဝန်ရှိသူတွေကို အကြောင်းကြားပြီး ရဲတွေပါ လာစစ်တော့ ဒရုန်းတပ်ဆင်ကိရိယာတွေ ဖြစ်နေတာလို့ ဟိုတယ်ဝန်ထမ်းက သတင်းထောက်တွေကို ပြောပါတယ်။

“သူတို့ ၂၁ ရက်နေ့က လာတည်းတယ်။ မနက် ၁၁ နာရီမှာ ပစ္စည်းပို့ကားက အဲဒီစက္ကူပုံးတွေ လာချထားတယ်။ သူတို့အခန်းထဲသယ်ပြီး သိမ်းထားတယ်။ ညနေကျတော့ နောက်ကားက ပြန်သယ်သွားတယ်။  ၂၂ ရက် ညနေ ၄ နာရီကျော်မှာ အထုပ်တွေ ထပ်ရောက်လာတယ်။ သူတို့လည်း ပထမထပ်က အခန်းထဲ ပြန်သယ်သွားကြတယ်။ သာမန် ခရီးသွားဧည့်သည်တွေ ဆိုရင် အဝတ်အစားအိတ်နဲ့ အထုပ်အပိုးနည်းနည်းပဲ ရှိတယ်။ အဲဒီလို ကြီးမားတဲ့ပစ္စည်းတွေ မရှိဘူး။ အခုဟာက ဧည့်ကြိုနေရာမှာ ပြည့်သွားတာပဲ။ သူတို့ကတော့ မော်ဒယ်(ပုံစံ)တွေလို့ ပြောတယ်။ ကျမကလည်း ဟိုတယ်တာဝန်ရှိသူတွေပါတဲ့ LINE အဖွဲ့ထဲ အကြောင်းကြားလိုက်ပါတယ်။ အဖွဲ့ထဲမှာ ရဲတွေလည်း ပါတော့ တာဝန်ရှိသူတွေပါ လာရောက်စစ်ဆေးတယ်။”

စစ်ဆေးချက်အရ အဆိုပါပစ္စည်းတွေမှာ DJI FLYCART ဒရုန်းတပ်ဆင်တဲ့ ပစ္စည်းကိရိယာတွေ ဖြစ်တယ်၊ စုစုပေါင်း ဒရုန်း ၁၀ စင်းစာ ရှိတယ်၊ တစင်းကို ထိုင်းဘတ်ငွေ ၅ သိန်းခန့် တန်ဖိုးရှိပြီး စုစုပေါင်း ဘတ် ၇ ဒသမ ၅ သန်း ရှိတယ်လို့ဆိုပါတယ်။ 

မြန်မာဧည့်သည်တွေကတော့ အဆိုပါပစ္စည်းတွေဟာ မြန်မာပြည်ရှိ ကယ်လ်ဗင်ချို ဆိုတဲ့ လုပ်ငန်းရှင်တယောက်ရဲ့ ပစ္စည်းတွေသာ ဖြစ်တယ်၊ သူတို့ကို ထိုင်းကနေ မြန်မာပြည်ကို လေယာဉ်နဲ့ သယ်ပေးဖို့ပြောလို့ လက်ခံထားတာဖြစ်တယ်၊  အဲဒီဒရုန်းတွေဟာ မြန်မာစစ်တပ်ကို ရောင်းချပေးဖို့ဖြစ်တယ်၊ ထိုင်းမှာ ဝယ်ပေးသူကတော့ ရာ့ချ်ဖုန်း လို့ခေါ်တဲ့ ထိုင်းတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဟိုတယ်မှာ လာရောက်တည်းခိုတဲ့ မြန်မာနိုင်ငံသား ဇော်ထက်အောင် (၃၂ နှစ်)၊ စ-နေလင်းထက် (၂၄ နှစ်)၊ ကျော်ဇင်ဟိန်း (၂၁ နှစ်)နဲ့ သိန်းဇော် (၃၄ နှစ်) တို့ကို လတ်ကဘန်းနယ်မြေရဲတပ်ဖွဲ့က  ဖမ်းဆီးလိုက်ပါတယ်။

ခုရက်ပိုင်းတွင်း သုဝဏ္ဏဘူမိလေဆိပ်အနီး ဝဲပျံနေတဲ့ ဒရုန်းတွေနဲ့တော့ ပတ်သက်မှုမရှိကြောင်း၊ သူတို့ကိုယ်တိုင်လည်း ဒရုန်းမမောင်းတတ်ဘူး၊ ပစ္စည်းတွေ သယ်ပေးဖို့ သက်သက်လို့ ပြောပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ကတော့ အခုလို ခွင့်ပြုချက်မရှိဘဲ ဒရုန်းတွေ လက်ဝယ်ထားရှိတာ၊ သယ်ယူပို့ဆောင်တာတွေဟာ ထိုင်းနိုင်ငံရဲ့ ဆက်သွယ်ရေးဥပဒေ၊ အမျိုးသားလုံခြုံရေးဥပဒေတွေနဲ့ အရေးယူသွားမယ်၊ ဗီဇာတွေ ရုပ်သိမ်းပြီး ပြည်နှင်ဒဏ်ပေးမယ်လို့ ပြောပါတယ်။

ဆက်လက်ပြီး ဒရုန်းရောင်းချပေးတဲ့ ကုမ္ပဏီကို သွားရောက်စစ်ဆေးခဲ့တာမှာ ကုမ္ပဏီကတော့ မြန်မာပြည်ကလူတွေနဲ့ ပတ်သက်မှုမရှိဘူး၊ နိုင်းရာ့ချဖုန်းကတော့ ဒရုန်းတွေ လာဝယ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ရာ့ချ်ဖုန်းကတော့ လောလောဆယ် အိုမန်နိုင်ငံ ရောက်နေတာကြောင့် သူ ပြန်လာမှ ဆက်လက်စစ်ဆေးမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

လတ်တလော ထိုင်း-ကမ္ဘောဒီးယား ပစ်ခတ်မှုတွေမှာ ဒရုန်းတွေပါ အသုံးပြု တိုက်ခိုက်နေကြတာကြောင့် ထိုင်းအမျိုးသား ကြေးနန်းနဲ့ဆက်သွယ်ရေးကော်မရှင် The National Telecommunications Commission (NTCC) နဲ့  စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ဟာ တရားမဝင်ဒရုန်း ဝယ်ယူရောင်းချမှုတွေ တင်းကျပ်စွာ စစ်ဆေးလျက်ရှိပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကလည်း ပထုန်ဌာနီနယ်မြေထဲကနေ တရားမဝင် ဒရုန်းအစင်းရေ ၂၅၀၀ ကို စစ်ဆေးဖမ်းဆီးခဲ့တယ် လို့ NTCC က ထုတ်ပြန်ပါတယ်။ ဒရုန်းရောင်းဝယ်၊ သုံးစွဲသူတွေအနေနဲ့ သက်ဆိုင်ရာမှာ ခွင့်ပြုချက်တောင်းခံ မှတ်ပုံတင်ရမှာဖြစ်တယ်လို့  တာဝန်ရှိသူက ပြောပါတယ်။ 

Source - Thairath / PPTV / TNN News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013