DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ စတင်ဖွဲ့စည်း
DVB
·
December 24, 2025
စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ စတင်ဖွဲ့စည်း
Donate to DVB

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ဝင်တွေကို အတည်ပြုခန့်အပ် တာဝန်ပေးအပ်လိုက်တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပြီး ဖက်ဒရယ်ယူနစ်တခုမှာ ပထမဆုံးဖွဲ့လိုက်တဲ့အစိုးရအဖွဲ့  ဖြစ်လာပါတယ်။

ဒီဇင်ဘာ ၂၃ ရက်ကလုပ်တဲ့ လွှတ်တော်ရဲ့ သတ္တမပုံမှန်အစည်းအဝေးမှာ ကြားကာလအစိုးရအဖွဲ့ စိစစ်ရွေးချယ်ရေးကော်မရှင်ရဲ့ လုပ်ငန်းအစီအရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် တယောက်က တင်သွင်းအတည်ပြုခဲ့ပြီးနောက် ကြားကာလ ဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးဦးက အစိုးရအဖွဲ့ အမည်စာရင်းကို တင်သွင်းခဲ့တာပါ။

ဒါကြောင့် အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ် အပါအဝင် ၁၃ ယောက်ရှိပြီး ဒုတိယဝန်ကြီးချုပ်အဖြစ် ဒေါက်တာအောင်နေဝင်း၊  ကာကွယ်ရေးဝန်ကြီးအဖြစ် ဦးကိုကိုအောင်၊ ပြည်ထဲရေးဝန်ကြီးအဖြစ် ဦးမိုးမင်းဝင်း၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးခန့်ဝေဖြိုး၊ ပညာရေးဝန်ကြီးအဖြစ်  ဒေါက်တာတင်အောင်မိုး၊ ကျန်းမာရေးဝန်ကြီးအဖြစ် ဒေါက်တာမြင့်အောင်၊ လူသားချင်းစာနာကူညီရေး၊ ပြန်လည်ထူထောင်ရေးနဲ့ အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး အဖြစ် ဦးတိုးဝေအောင်၊ လျှပ်စစ် စွမ်းအင်နဲ့ ဆောက်လုပ်ရေး ဝန်ကြီးအဖြစ် ဦးသန်းလှိုင်၊ သစ်တောနဲ့ သယံဇာတရေးရာ ဝန်ကြီးအဖြစ် ဦးဇင်မင်းထွန်း၊ တိုင်းရင်းသားလူမျိုးစုရေးရာ ဝန်ကြီးအဖြစ် ဦးဘွဲ့ဟုပ်ထန်း၊ စည်ပင်သာယာရေး ဝန်ကြီးအဖြစ် ဒေါ်ရတီအုန်းနဲ့ ရှေ့နေချုပ်အဖြစ် ဦးအောင်ချစ်ညိုတို့ ပါဝင်ပါတယ်။

အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့်၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မေဝင်းမြင့်နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီဝင် ဒေါ်နှင်းနှင်းမွှေး တို့လည်း ဧည့်သည်တော်အဖြစ် တက်ရောက်ပြီး နှုတ်ခွန်းဆက်မိန့်ခွန်းစကားတွေ ပြောခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း အစိုးရစုဖွဲ့မှု၊ တည်ဆောက်မှု၊ စိုးမိုးထိန်းချုပ်နယ်မြေများ ချဲ့ထွင်မှုနှင့် အစိုးရယန္တရားများ လည်ပတ်မှု စတင်နိုင်အောင် ၅ နှစ်တာ ကာလအတွင်းမှာ အဆင့်ဆင့် တည်ဆောက်ယူခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ရရင် အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့တာ ရှိသလို အခက်အခဲ စိန်ခေါ်မှုများကိုလည်း အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေ များစွာရှိပါတယ်။ ကျနော့်အနေနဲ့ စစ်ကိုင်း ဖက်ဒရယ်ယူနစ် ကြားကာလအစိုးရကို အထူးတိုက်တွန်းလိုတာက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်မြင်မှုများနှင့် ကျရှုံးမှုများကို သင်ခန်းစာကောင်းအဖြစ် ရယူပြီး စစ်ကိုင်းဒေသကို ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ဖြင့် ဖော်ဆောင်ပေးဖို့ တိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်စနစ် စတင်ပျိုးထောင်တည်ဆောက်ရာမှာ NUG နဲ့ စစ်ကိုင်း ဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတို့အကြား ဟန်ချက်အညီဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်နိုင်ရေးဟာ အထူးအရေးကြီးပြီး တော်လှန်ရေးကာလ ကြားကာလအတွင်းမှာ တည်ဆောက်ကြရတာဖြစ်လို့ ပိုအားစိုက်ကြရမယ်လို့လည်း ပြောပါတယ်။

ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကလည်း “ဒါဟာ ယခင်ကာလရှိခဲ့တဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ကို အပြီးတိုင် ဖျက်သိမ်းပြီး နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်အတိုင်း ပြည်သူ့ဆန္ဒကို အခြေခံတဲ့ ဖက်ဒရယ်ယူနစ်တခုရဲ့ အုပ်ချုပ်ရေးအာဏာကို စတင်အကောင်အထည်ဖော်တာ ဖြစ်သလို မပြီးဆုံးသေးတဲ့ တော်လှန်ရေးကို စစ်ရေးအရ တိုက်ပွဲဝင်နေရုံသာမကဘဲ နိုင်ငံရေးအရ သော်လည်းကောင်း၊ အုပ်ချုပ်ရေးအရသော်လည်းကောင်း အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကြိုးပမ်း တည်ဆောက်နေပြီဆိုတာ ပြသနိုင်တော့မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးကလည်း ယူနစ်ရဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ လုပ်ငန်းစဉ် အဆင့်ဆင့် အကောင်အထည်ဖော်ကြတဲ့အခါတိုင်းမှာ ယူနစ်ရဲ့ အင်အားစု အသီးသီးက အတူပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

“မတူညီတဲ့ အင်အားများ စုစည်းထားတာမို့ နားလည်မှုနှင့် ပေါင်းစပ်နိုင်မှုက အဓိကကျပါလိမ့်မယ်။ ညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ်ချက်ပေးရသည့်အခါတိုင်း တော်လှန်ရေး အမြန်ပြီးစီးဖို့နှင့် ပြည်ထောင်စုအတွက် ရှေ့တန်းတင်ပြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ လုံးဝယုံကြည်ထားပြီး ဖြစ်ပါတယ်။ ပြဿနာနှင့် အခက်အခဲ အားလုံးကို အစိုးရတဖွဲ့တည်းချည်းက ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ အရမ်းခက်ခဲပါလိမ့်မယ်” လို့ ပြောပါတယ်။

ကြားကာလအုပ်ချုပ်ရေး ဖော်ဆောင်နိုင်ဖို့ လွှတ်တော်တွေကနေ ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲနေကြပြီး မန္တလေးမှာတော့ မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013