DVB Logo
Home
နိုင်ငံတကာ
မြောက်ကိုရီးယား အေးဂျင့်များ၏ အလုပ်လျှောက်လွှာ ၁,၈၀၀ ကျော် Amazon ပယ်ချ
DVB
·
December 23, 2025
မြောက်ကိုရီးယား အေးဂျင့်များ၏ အလုပ်လျှောက်လွှာ ၁,၈၀၀ ကျော် Amazon ပယ်ချ
Donate to DVB

အမေရိကန် အွန်လိုင်းစီးပွားရေးလုပ်ငန်းကြီး Amazon ဟာ မြောက်ကိုရီးယားအေးဂျင့်အဖြစ် သံသယရှိသူတွေဆီက အလုပ်လျှောက်လွှာပေါင်း ၁,၈၀၀ ကျော်ကို ပိတ်ပင်ခဲ့တယ်လို့​ ထိပ်တန်းအမှုဆောင်တယောက်က အတည်ပြုပါတယ်။

မြောက်ကိုရီးယားနိုင်ငံသားတွေဟာ ခိုးယူထားတဲ့ ဒါမှမဟုတ် အတုလုပ်ထားတဲ့ ကိုယ်ရေးအချက်အလက်တွေကို အသုံးပြုပြီး အဝေးကနေ လုပ်ကိုင်နိုင်တဲ့ IT နည်းပညာအလုပ်အတွက် လျှောက်ထားခဲ့ကြတာ ဖြစ်ပါတယ်။

Amazon ရဲ့ လုံခြုံရေးအရာရှိချုပ် စတီဖင် ရှမစ် ကတော့​ “သာမန်အားဖြင့် သူတို့ရည်ရွယ်ချက်ဟာ ရိုးရှင်းပါတယ်။ အလုပ်ရဖို့၊ လစာရဖို့နဲ့ ရရှိလာတဲ့ လုပ်ခတွေကို အစိုးရရဲ့ လက်နက်စီမံကိန်းတွေဆီ စီးဆင်းထောက်ပံ့နိုင်ဖို့ပါပဲ” ဆိုပြီး မှတ်ချက်ပြုပါတယ်။

လွန်ခဲ့တဲ့နှစ်အတွင်း Amazon ကုမ္ပဏီမှာ မြောက်ကိုရီးယားဘက်က အလုပ်လျှောက်တာမျိုးတွေ သုံးပုံတပုံနီးပါး တိုးလာတာကို တွေ့ရတယ်လို့ ရှမစ်က ပို့စ်တခုမှာ ရေးသားထားပါတယ်။

ဒါကြောင့် AI အသိဉာဏ်ရည်တုနည်းပညာ အပါအဝင် ဝန်ထမ်းတွေ ကိုယ်တိုင်ရဲ့ စစ်ဆေးမှုနဲ့ပါ ပေါင်းစပ်ပြီး အလုပ်လျှောက်လွှာတွေကို စိစစ်နေပေမဲ့လည်း လိမ်တဲ့နည်းလမ်းတွေက ပိုပြီး အဆင့်မြင့်လာတယ်လို့ ဖော်ပြထားပါတယ်။

တချိန်တည်းမှာ အမေရိကန်နဲ့အတူ တောင်ကိုရီးယား အာဏာပိုင်တွေက မြောက်ကိုရီးယား အေးဂျင့်တွေဟာ အွန်လိုင်းလိမ်လည်မှုတွေကို လုပ်ဆောင်လျက်ရှိကြောင်း သတိပေးထားပါတယ်။

အဲဒီနောက် အမေရိကန်နိုင်ငံတဝန်း မြောက်ကိုရီးယား IT ကျွမ်းကျင်သူတွေ တရားမဝင် လုပ်ကိုင်နေတဲ့ “Laptop Farms” နေရာ ၂၉ ခုကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ အစိုးရက ဇွန်လမှာ ထုတ်ပြန်ထားပါတယ်။

“Laptop Farms” ဆိုတာကတော့ အမေရိကန်နိုင်ငံထဲမှာ ကွန်ပျူတာတွေကို အစုအပြုံလိုက် ထားပြီး ပြည်တွင်းမှာရှိနေတဲ့ပုံစံနဲ့ ပြည်ပကနေ ထိန်းချုပ်လုပ်ကိုင်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

အခုလိုမျိုး မြောက်ကိုရီးယားသူလျှိုတွေ အလုပ်ရအောင်ကူညီပေးခဲ့တဲ့ အမေရိကန်ပွဲစားတွေလည်း တရားစွဲဆိုခံရတာမျိုး ရှိပါတယ်။

ဥပမာအားဖြင့် “Laptop Farm” ထူထောင်ပြီး အမေရိကန်ကုမ္ပဏီပေါင်း ၃၀၀ ကျော်မှာ အလုပ်ရအောင် ကူညီပေးခဲ့တဲ့ အရီဇိုးနားပြည်နယ်က အမျိုးသမီးတယောက်ကို ဇူလိုင်လအတွင်း ထောင်ဒဏ် ၈ နှစ်ကျော် ချမှတ်ခဲ့တာမျိုးပါ။

အမေရိကန် တရားရေးဌာနရဲ့ ဖော်ပြချက်အရ အဲဒီအစီအစဉ်ကနေ ဒေါ်လာ ၁၇ သန်းကျော် ဝင်ငွေကို တရားမဝင် ရရှိခဲ့ကြောင်း သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013