DVB Logo
Home
မြန်မာသတင်း
ခရမ်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး အပါအဝင် ၄ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
December 23, 2025
ခရမ်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး အပါအဝင် ၄ ဦးကို စစ်တပ်က ဖမ်းဆီး
Donate to DVB

ရန်ကုန်တိုင်း၊ သန်လျင်ခရိုင်မှာရှိတဲ့ ခရမ်းမြို့ ၈ ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး အပါအဝင် လူ ၄ ယောက်ကို လူကုန်ကူးမှု၊ အာဏာအလွဲသုံးစားလုပ်မှုတွေနဲ့ စစ်တပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ခရမ်းမြို့ ၈ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဝင်းဇော်က အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ပေါင်းပြီး စစ်မှုထမ်းကြေးကို အဆမတန်ကောက်သလို စစ်မှုထမ်းအတွက် လူအရောင်းအဝယ် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ခရမ်းမြို့ခံတယောက်က “ခရမ်းမှာက ညဘက်ဆို ဘယ်သူမှ မထွက်ရဲဘူး။ ပေါ်တာအရမ်းဆွဲတာ။ ဆွဲတာသိသိချင်း လိုက်ထုတ်ရင် တယောက်ကို ကျပ် ၅ သိန်းပေးရတယ်။ အဲဒါ ညတွင်းချင်း လိုက်ထုတ်တာနော်။ နောက်နေ့ကူးသွားရင် သူတို့က စစ်သားစုဆောင်းရေးတပ်ကို ပို့ပစ်တာ၊ စစ်မှုထမ်းဆိုပြီး။ အခုလည်း သူတို့ ပေါ်တာဆွဲထားတဲ့သူကို စစ်မှုထမ်းဆိုပြီး သွားပို့တာ။ သန်လျင်တံတားအရောက် ဟိုကစစ်တော့ လူကုန်ကူးတာဆိုပြီး ဖမ်းထားလိုက်တာ” လို့ ပြောပါတယ်။

ရာအိမ်မှူးနဲ့ သူ့ရဲ့ နောက်လိုက် ၂ ယောက်က ဒီဇင်ဘာ ၁၇ ရက်က ပေါ်တာဆွဲလာတဲ့ လူငယ်တယောက်ကို စစ်မှုထမ်းဖို့ စစ်သားစုဆောင်းရေးတပ်ကို ပို့ဆောင်ဖို့ သူ့ရဲ့အဖွဲ့တွေကို စေခိုင်းခဲ့တာ ဖြစ်ပါတယ်။

အဆိုပါအဖွဲ့က ပို့ဆောင်စဉ် သန်လျင်တံတားအတက်မှာ စစ်တပ်နဲ့ ရဲက ဖမ်းဆီးလိုက်တာဖြစ်ပြီး စေခိုင်းခဲ့သူ အုပ်ချုပ်ရေးမှူး ဝင်းဇော် ကို ဒီဇင်ဘာ ၂၀ ရက်နေ့ စစ်တပ်က ရပ်ကွက်ရုံးမှာ လာရောက်ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့ဟာ တယောက်ကို ကျပ် သိန်း ၅၀ နဲ့ စစ်သားစုဆောင်းရေးတပ်ကို လူငယ်တွေ‌ ရောင်းစားနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အုပ်ကြီး၊ ရာအိမ်မှူး အပါအဝင် လူ ၄ ယောက်ကို လူကုန်ကူးမှု၊ အာဏာအလွဲသုံးစားလုပ်မှုနဲ့ အမှုဖွင့်ထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပေါ်တာဆွဲခံရပြီး ငွေကြေးမတတ်နိုင်တဲ့သူတွေကို စစ်သားစုဆောင်းရေးတပ်ကို အခကြေးငွေနဲ့ ပို့ဆောင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ခရမ်းနဲ့ သုံးခွမြို့ကို စစ်တပ်က ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013