
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ထဲမှာ ဒီဇင်ဘာ ၂၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သား ၃ ယောက် သေဆုံးပြီး ၇ ယောက် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဝန်းသိုမြို့နယ် ပကဖ ဆီကနေ သိရပါတယ်။
ဝန်းသိုမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “ဝန်းသိုမြို့နယ်ထဲက အာမခံရွာနဲ့ သြဇာရွာတွေကို မီးတင်ရှို့ပြီး ညောင်ပင်သာရွာဘက်ကို ဆက်ထွက်လာကြတဲ့ စကမ စစ်ကြောင်းကို ကြားဖြတ်တိုက်ခဲ့ကြရာမှာ (--) ၃ ကောင် သေပြီးတော့ ဒဏ်ရာရတဲ့ကောင်တွေလည်း မနည်းပါဘူး။ အရှင်ဖမ်းမိနိုင်ခဲ့တာကတော့ ၇ ကောင် ဖြစ်ပါတယ်။ သူတို့ဆီက သေနတ် ၁၀ လက်၊ RPG နဲ့ ခဲယမ်းတွေလည်း သိမ်းဆည်းလာနိုင်ခဲ့ကြပါတယ်။ တိုက်ပွဲထဲမှာ အထိနာတဲ့ အဲဒီစစ်ကြောင်းကတော့ ကျောက်တိုင်ကုန်းရွာက သူတို့အထိုင်စခန်းထဲကို ဆုတ်ပြေးသွားကြပါတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းဟာ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၂၀ က စစ်သားနဲ့ ပျူစောထီး အင်အား ၈၀ ဝန်းကျင် ပါဝင်လာတယ်လို့လည်း ဆိုပါတယ်။
ကောလင်းခရိုင် ပကဖ တာဝန်ရှိသူတယောက်က “အဲဒီစစ်ဆင်ရေးကို ကျနော်တို့ ကောလင်းခရိုင် တပ်ရင်း ၄ က ဒုတပ်ရင်းမှူး ငရဲ ဦးစီးပြီးတော့ တပ်ရင်းက ရဲဘော်တွေ အပါအဝင် ဝန်းသိုမြို့နယ် ပကဖ တိုက်ခိုက်ရေးရဲဘော်တွေနဲ့ ဒရုန်းအဖွဲ့က ရဲဘော်တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ တိုက်ပွဲထဲမှာ စကမဘက်က သေဆုံးပြီး သုံ့ပန်းတွေ ဖမ်းမိခဲ့တာရှိသလို ပကဖ တပ်ဖွဲ့ဝင် ရဲဘော် မြွေပွေးလည်း ကျဆုံးခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ တိုက်ပွဲအတွင်း ရရှိခဲ့ကြတဲ့ ဒဏ်ရာတွေကို ဆေးကုသပေးထားကာ စစ်ဆေးမေးမြန်းမှုတွေ ဆက်လက်ပြုလုပ်ပြီး တိုင်းအဆင့်ကနေတဆင့် အထက်အဖွဲ့အစည်းတွေကို ဆက်လက်တင်ပြသွားမယ်လို့ သူက ဆက်ပြောပါတယ်။
ကောလင်းခရိုင်အတွင်းက ဝန်းသိုမြို့နယ် အပါအဝင် တခြားနေရာတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ပစ်ကူပေး တိုက်ခိုက်တာတွေ ရှိနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းနဲ့ လေကြောင်းရန်အန္တရာယ်တွေကို သတိထား ရှောင်ရှားနိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










