DVB Logo
Home
မြန်မာသတင်း
ဆေးဝါးနှင့်စားကုန် ကန့်သတ်ထားသဖြင့် လွိုင်ကော်အရှေ့ခြမ်းနှင့် စစ်ရှောင်စခန်းများ အခက်ကြုံ
DVB
·
December 22, 2025
ဆေးဝါးနှင့်စားကုန် ကန့်သတ်ထားသဖြင့် လွိုင်ကော်အရှေ့ခြမ်းနှင့် စစ်ရှောင်စခန်းများ အခက်ကြုံ
Donate to DVB

ကရင်နီပြည်နယ်၊  လွိုင်ကော်မြို့မှာ ဆေးဝါးနဲ့ စားသောက်ကုန်ဝယ်ခွင့်တွေ ကန့်သတ်ထားတဲ့အတွက် လွိုင်ကော်အရှေ့ခြမ်းက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ ကုန်ဈေးနှုန်းတွေ တက်လာတဲ့အပြင် ဆေးဝါးပြတ်လပ်နေပြီလို့ စစ်ရှောင်နဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက်ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် လွိုင်ကော်မြို့ အဝင်အထွက်ကို စစ်တပ်က လုံခြုံရေးအင်အားတိုးထားတဲ့အပြင် နီးစပ်ရာကျေးရွာတွေကနေ မြို့ထဲမှာ ဆေးလာဝယ်တဲ့သူတွေကို ဝယ်ခွင့်မပြုဘဲ ဂိတ်တွေမှာ စစ်လို့မိရင် ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ လွိုင်ကော်မြို့အရှေ့ခြမ်းမှာ စစ်ရှောင်နေသူတွေက ပြောပါတယ်။

စစ်ရှောင်တယောက်က “ကျနော် ဒီမှာရောက်တာ ရွှေ့တာ ၄ ခါရှိသွားပြီ။ ဒီကယားအရှေ့ခြမ်းမှာ တခါရွှေ့ရင် ကျပ် ၅ သိန်းကုန်တယ်။ ချောင်းဆိုးတာတောင် ဆေးဝယ်လို့ မရဘူး။ လွိုင်ကော်မှာ သွားသွားဝယ်တော့ သူတို့(စစ်သား)က အဝယ်မခံဘူး။ သိမ်းတယ်၊ ဒဏ်ရိုက်တယ်၊ ဖမ်းတယ်။ ရောဂါကြီးကြီးမားမား မရှိရင်တော့ သောက်ဆေးနဲ့ပဲ လုပ်ရတာပေါ့။ ဗိန္ဓောဆေးနဲ့ပဲ ငှက်ဖျားဆေး၊ အာရုံကြောဆေး၊ အစာအိမ်၊ နှလုံး အဲဒါ အဓိကကျတာပေါ့” လို့ ပြောပါတယ်။

အခုလို မြို့ထဲမှာ ဆေးဝါးဝယ်ယူခွင့် ပိတ်ပင်ထားတာ ၃ လကျော်ရှိပြီဖြစ်ပြီး စစ်ရှောင်စခန်းတွေက သက်ကြီးပိုင်းတွေဟာ ရောဂါဝေဒနာခံစားလာရရင် သောက်စရာ ဆေးမရှိတဲ့ အခြေအနေ ရင်ဆိုင်နေရပြီလို့ စစ်ရှောင်တွေက ဆိုပါတယ်။ 

စစ်ရှောင်စခန်းအနီးက ရွာတွေမှာလည်း စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ အာလူးတွေကို စစ်တပ်က လွိုင်ကော်မြို့ပြင်အထိ ပေးမသယ်တဲ့အတွက် လွိုင်ကော်အရှေ့ခြမ်း ကျေးရွာတွေမှာပါ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်တဲ့ဒဏ်တွေပါ ခံနေရတယ်လို့ ဒေသခံတွေက ရှင်းပြပါတယ်။

ဒေသခံတယောက်က “ပင်လောင်းဘက်မှာ အာလူးတွေဆိုလို့ရှိရင် ဝယ်မဲ့သူမရှိလို့ ဈေးတွေ တအားထိုးကျတယ်ပေါ့။ ဒါပေမဲ့ ကျမတို့ ဒီမှာဝယ်စားရတာ အာလူး တပိဿာကို ကျပ် ၁၂,၀၀၀ ဝယ်စားရတယ်။ အဲဒါတောင် အခုဝယ်လို့မရဘူး။ ကြက်ဥဆိုရင် ကျပ် ၇၀၀၊ ၈၀၀ လောက် ရောင်းတယ်။ ပြီးခဲ့တဲ့လထဲမှာဆို အသားတုတောင် ပေးမသယ်ဘူး။ အဓိကကတော့ တော်လှန်ရေးအင်အားစုတွေကို နှိပ်ကွပ်ချင်တာ။ ဒီကနေရွာကနေ သွားဝယ်ပြီဆိုရင် ဖုန်းတွေပါ ယူစစ်ပြီးတော့ ဘယ်ရွာလဲဆိုရင် သူတို့နဲ့နီးတဲ့ရွာကို ပြောနိုင်ရင် အဆင်ပြေတယ်။ အဲဒီလိုရွာ မဟုတ်ဘူးဆိုလို့ရှိရင် ဆွဲစိထားလိုက်ကော။ ဆွဲထားပြီးတော့ သူတို့ ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်မယ်၊ ပိုက်ဆံနဲ့ ပြန်ရွေးလို့ရတဲ့အခါမျိုးတွေလည်း ရှိတယ်။ များသောအားဖြင့်က မလွှတ်တာ များတယ်။ အဲဒါကြောင့် ဒေသသားတွေက သိပ်ပြီးတော့ မသွားရဲကြဘူ” လို့ ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၁ ခုနှစ်ကတည်းက ပြည်နယ်အတွင်း စားသောက်ကုန်နဲ့ ဆေးဝါးသယ်ယူပို့ဆောင်ခွင့်‌တွေကို စစ်တပ်က ကန့်သတ်ထားတာဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း ၁ လုပ်မဲ့ လွိုင်ကော်မြို့မှာတော့ အခုနောက်ပိုင်း ပိုတင်းကျပ်လာတာပါ။ 

လွိုင်ကော်မြို့တွင်းကိုဝင်မဲ့ ယာဉ်လိုင်းကား အပါအဝင် အိမ်စီးကားတွေ စစ်ဆေးခံရပြီး စားသောက်ကုန်နဲ့ ဆေးဝါးသယ်ဆောင်လာတဲ့ ယာဉ်လိုင်းကားတွေကိုလည်း မြို့တွင်းပေးမဝင်ဘဲ ကန့်သတ်ထားပါတယ်။ 

မောရစ်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013