
တက်စလာ စီအီးအို အီလွန်မတ်စ်ခ်ရဲ့ ပိုင်ဆိုင်မှုဟာ အခုဆိုရင် ဒေါ်လာ ၇၄၉ ဘီလီယံအထိ ရှိလာပြီး စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်မှာတော့ ဒဲလ်ဝဲပြည်နယ် တရားရုံးချုပ်က မတ်စ်ခ်ရဲ့ ဒေါ်လာ ၁၃၉ ဘီလီယံတန်ဖိုးရှိ စတော့ရှယ်ယာ ဆုကြေးတွေကို ပြန်ပြီး အတည်ပြုပေးခဲ့တာပါ။
အခုတပတ် အစောပိုင်းမှာတင် မတ်စ်ခ်ဟာ ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၆၀၀ ဘီလီယံ ကြွယ်ဝသူ ဖြစ်လာသလို အခုဆိုရင် ၇၀၀ ဘီလီယံကျော်ကြွယ်ဝတဲ့ ပထမဆုံးလူသားလည်း ဖြစ်လာပါတယ်။
သူ့ရဲ့ SpaceX ကုမ္ပဏီ ရှယ်ယာတွေကို အများပြည်သူဆီ ရောင်းချတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ မတ်စ်ခ်ရဲ့ ပိုင်ဆိုင်မှုတွေ အခုလို အရှိန်အဟုန်နဲ့ မြင့်တက်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကတော့ အောက်ရုံးတရားရုံးတခုက မတ်စ်ခ်ရဲ့ ၂၀၁၈ ခုနှစ် ဆုကြေးဟာ “နားလည်ပေးနိုင်စရာ မရှိလောက်အောင် များပြားတယ်” ဆိုပြီး ပယ်ချခဲ့ဖူးပါတယ်။
ဒါပေမဲ့ အခုတော့ ပြည်နယ်တရားရုံးချုပ်က အဲဒီဆုံးဖြတ်ချက်ဟာ မတ်စ်ခ်အပေါ် မမျှတဘူးလို့ ဆိုကာ ပြန်ပြီး အတည်ပြုပေးလိုက်တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း တက်စလာ ရှယ်ယာရှင်တွေဟာ ၂၀၃၅ ခုနှစ်မှာ မတ်စ်ခ်အတွက် ဒေါ်လာ ၁ ထရီလီယံ ဆုကြေးပေးမဲ့ အစီအစဉ်ကို အတည်ပြုထားကြပါတယ်။
လက်ရှိမှာ မတ်စ်ခ်ဟာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် လာရီပေ့ဂျ်ထက် ဒေါ်လာ ၅၀၀ ဘီလီယံနီးပါးလောက် ပိုပြီး ချမ်းသာနေတာ ဖြစ်ပါတယ်။








