
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီဇင်ဘာ ၂၁ ရက်က လက်လုပ်ဗုံး ၃ ကြိမ်ကွဲတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တရုတ်ရဲ့ဖိအားကြောင့် MNDAA ကိုးကန့်တပ်တွေ လားရှိုးကနေ ဆုတ်ခွာပေးလိုက်ရပြီးနောက် လားရှိုးမြို့မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေချိန် ဗုံးတွေပေါက်ကွဲတာလို့ ဆိုပါတယ်။
လားရှိုးမြို့ ဒေသခံတယောက်က “မနက်ပိုင်းမှာ အသံမိုင်းတလုံး ကွဲတယ်။ ညနေ ၅ နာရီမှာ ရပ်ကွက် ၅ နယ်မြေ ၄ မှာ တလုံးကွဲတယ်။ ည ၆ နာရီမှာ ရပ်ကွက် ၂ မှာ တလုံးကွဲတယ်”လို့ ပြောပါတယ်။
မနက် ၁၁ ရီမှာ ပေါက်ကွဲတဲ့ အသံမိုင်းဟာ မန်ဆူဘုရားအနီးမှာ ဖြစ်ပြီး ညပိုင်းမှာ ပေါက်ကွဲတဲ့ လက်လုပ်မိုင်းဟာ ရပ်ကွက် ၂ အုပ်ချုပ်ရေးရုံးအနီးမှာဖြစ်တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ရပ်ကွက် ၂ နားက ဈေးကြီး တည်ရှိတဲ့နား လက်လုပ်မိုင်း ပုလင်းထဲ ဘောဆန်ထည့်ခွဲတာလို့ သိရတယ်။ လူထိခိုက်တာတော့ မရှိဘူး။ ရပ်ကွက်ရုံးလို့ပဲ သိတာ။ မဲရုံ ဘယ်နားရှိတောင် မသိဘူး။ စိတ်မဝင်စားတော့ မေးကိုမမေးမိတာ” လို့ ပြောပါတယ်။
ရပ်ကွက် ၅ မှာ ပေါက်ကွဲတဲ့မိုင်းကြောင့် နေအိမ်တအိမ် အနည်းငယ်ထိခိုက်တာရှိပြီး မိုင်းကွဲပြီးနောက် စစ်ကောင်စီတပ်တွေ ကင်းလှည့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
လားရှိုးမြို့မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ကြေညာထားပေမဲ့ ပါတီတွေ မဲဆွယ်စည်းရုံးတာ မတွေ့ရဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။








