DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်း အမည်စာရင်းတွင်ပါသည့် လူငယ်များ မဲပေးရန် ဖိအားပေးခံနေရ
DVB
·
December 22, 2025
စစ်မှုထမ်း အမည်စာရင်းတွင်ပါသည့် လူငယ်များ မဲပေးရန် ဖိအားပေးခံနေရ
Donate to DVB

စစ်မှုထမ်းစာရင်းမှာပါတဲ့ လူငယ်တွေကို စစ်တပ်ကလုပ်မဲ့ ရွေးကောက်ပွဲမှာ မဲထည့်ဖို့ အောက်ခြေ အုပ်ချုပ်ရေးအဖွဲ့တွေက ဖိအားပေးနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။

ရွေးကောက်ပွဲလုပ်မဲ့ရက် နီးလာတာနဲ့အမျှ အပိုင်အလိုက် ရာအိမ်မှူးတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လူငယ်တွေရှိတဲ့ အိမ်အထိ သွားပြီး မဲပေးဖို့ ပြောဆိုတာမျိုးတွေ ရှိနေတာလို့ ဆိုပါတယ်။

မှော်ဘီမြို့နယ်၊ ရဲဘော်စျေးအနီးက စစ်မှုထမ်းရမဲ့စာရင်းထဲ ပါနေသူတယောက်က “ရာအိမ်မှူးက လမ်းတွေ့တိုင်းလည်း မဲစာရင်းပါလား၊ မဲထည့်ရမှာနော်နဲ့ ပြောတယ်။ အိမ်အထိ လာပြောတာလည်း ရှိတယ်။ အိမ်စေ့ လိုက်ပြောတာမျိုးလည်း မဟုတ်ဘူး။ ဒီရွေးကောက်ပွဲမှာ မဲလည်း ပေးချင်စိတ် မရှိဘူး။ မပေးရင် စစ်မှုထမ်းကောက်ခေါ်မှာလည်း စိုးရိမ်ရတာနဲ့ စိတ်လည်းညစ်တယ်” လို့ ပြောပါတယ်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်က ရပ်ကွက်တချို့မှာလည်း စစ်မှုထမ်း အမည်စာရင်းပါတဲ့ အိမ်တွေကို ဦးတည်ကာ အိမ်ရှိလူစာရင်း စုံ၊ မစုံ စစ်ဆေးမေးမြန်းတာမျိုးတွေ ရှိနေတယ်လို့ ၁၁၈ ရပ်ကွက်မှာ နေသူတယောက်က ပြောပါတယ်။

“တိုက်ရိုက်ခြိမ်းခြောက်တာမျိုး မဟုတ်ဘဲ မဲထည့်ဖို့ ဖိအားပေးတဲ့ပုံစံတွေ တွေ့ရတယ်။ တူတယောက်က စာရင်းပါနေတော့ မီးစင်ကြည့်ကဖို့ မှာထားရတယ်။”

အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက အခုရွေးကောက်ပွဲမှာ လူငယ်တွေ မဖြစ်မနေ မဲပေးရမယ်လို့ ဒီဇင်ဘာ ၁၆ ရက်က ပြောဆိုခဲ့တာ ရှိပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဲပေးတာ၊ မပေးတာ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒအတိုင်းပဲလို့ ပြောခဲ့တာရှိသလို မဲမပေးတာဟာ ဒီမိုကရေစီစနစ် လျှောက်လှမ်းတဲ့အပေါ် မထောက်ခံတာ ဆိုပြီးလည်း ဒီဇင်ဘာ ၂၁ ရက်က မင်းဘူးမြို့က လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပထမဆုံး မဲပေးခွင့်ရတဲ့ လူငယ် ၅ သန်းနီးပါး ရှိခဲ့ပြီး အားတက်သရော မဲပေးခဲ့ကြပေမဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့်စာရင်း ထုတ်ပြန်ပေးတာ မရှိသလို ပြည်သူအများစုက မဲပေးဖို့ ဆန္ဒမရှိကြဘူးလို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013