DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့နယ်တွင် စစ်ကြောင်းက မီးရှို့သဖြင့် လူနေအိမ် ၂၀ ကျော် မီးလောင်ပျက်စီး
DVB
·
December 21, 2025
ပခုက္ကူမြို့နယ်တွင် စစ်ကြောင်းက မီးရှို့သဖြင့် လူနေအိမ် ၂၀ ကျော် မီးလောင်ပျက်စီး
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းက ဇောင်ဂျမ်းကုန်းရွာကို စစ်ကောင်စီစစ်ကြောင်းက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ဝင်ရောက်မီးရှို့ခဲ့​တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကတည်းက မြိုင်နယ်ထဲရောက်နေတဲ့ စစ်ကြောင်းက မြိုင်နယ်တောင်ပိုင်းတခုလုံးကို စစ်ကြောင်းထိုးနေရင်း အဲဒီကနေ အခုလ ၁၉ ရက်နေ့က အိုရင်း၊ အိုရင်းရွာသစ်ရွာနဲ့ ဇောင်ဂျမ်းကုန်းရွာတွေဘက် ရောက်လာတယ်။ သူတို့စစ်ကြောင်းက မီးရှို့သွားလို့ ဇောင်ဂျမ်းကုန်းရွာက အိမ် ၂၄ လုံး မီးလောင်ပျက်စီးခဲ့တာပါ။ တရွာလုံးမှာ ၆ အိမ် ၇ အိမ်လောက်ပဲ မီးမလောင်ဘဲကျန်တယ်” လို့ ပြောပါတယ်။

ဇောင်ဂျမ်းကုန်းကျေးရွာဟာ မြိုင်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀ ဝန်းကျင်အကွာ ကမ္မမြို့နယ်အစပ်နားမှာ တည်ရှိပြီး အိမ်ခြေ ၃၀ ဝန်းကျင်သာရှိတဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် ရဲ့ ​တာဝန်ရှိသူ ဆရာထွေး က “စစ်ကြောင်းထိုးခံရတဲ့ ရွာတွေက တောင်သူအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ ကျေးရွာတွေ များတယ်။ စစ်ကြောင်းလာလို့ ပြည်သူတွေ ထွက်​ပြေးကြတော့ ပြည်သူတွေမရှိတဲ့ ရွာတွေထဲက ပစ္စည်းတွေကို စိတ်ကြိုက်ခိုးယူသွားကြတယ်။ ဇောင်ဂျမ်းကုန်းကျေးရွာကတော့ မီးပါအရှို့ခံရတယ်။ တောင်သူတွေမှာ သီးနှံရိတ်သိမ်းပြီးချိန် ဖြစ်လို့အတွက် ဆုံးရှုံးမှုတွေ အများကြီးရှိတယ်။ နေစရာအိမ်အပြင် သီးနှံတွေပါ မီးလောင်ဆုံးရှုံးခဲ့တာဖြစ်လို့ ရှေ့ဆက်ဖို့ စားဝတ်နေရေး အခက်အခဲတွေ အများကြီးရှိလာနိုင်ပါတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ မြိုင်မြို့နယ်ထဲက မြေရင့်ကျေးရွာအတွင်း အထိုင်ချနေကြပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေကြတဲ့အပြင် ပြည်သူပိုင်နွားတွေကိုလည်း သတ်ဖြတ် ချက်ပြုတ်စားသောက်နေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကနေ မြိုင်မြို့နယ်တောင်ပိုင်းကို စတင်ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းဟာ အခု ဒီဇင်ဘာလကုန်ပိုင်းအထိ မြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ ကျေးရွာ ၅ ရွာက ဘုန်းကြီးကျောင်း ၁ ကျောင်းအပါအဝင် လူနေအိမ် ၆၉ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ပခုက္ကူမြို့နယ် ကမ္မမြို့ပေါ်က လူနေအိမ် ၁၀ လုံး၊ ကန်ဇောက်ကျေးရွာက လူနေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ခဲ့သလို မြိုင်မြို့နယ် ရွာတန်းရှည်ကျေးရွာက ပြည်သူ ၂ ယောက်၊ ညောင်ရွာကျေးရွာက ပြည်သူ ၁ ယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ပြီး ထပ်မံဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ပြည်သူ ၂ ယောက်ထက်မနည်းဟာလည်း မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့လည်း ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013