DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် အသက်မသေခဲ့သော်လည်း စစ်တပ်ကြောင့် အသက်ဆုံးခဲ့ရသည့် သောင်တန်းရွာသားများ
DVB
·
December 21, 2025
ငလျင်ကြောင့် အသက်မသေခဲ့သော်လည်း စစ်တပ်ကြောင့် အသက်ဆုံးခဲ့ရသည့် သောင်တန်းရွာသားများ
Donate to DVB

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သောင်တန်းရွာမှာ နေထိုင်ကြတဲ့ ရွာသူရွာသားတွေဟာ သဘာဝဘေးကြောင့် အသက်ဘေးအအန္တရာယ်ကနေ လွတ်မြောက်လာခဲ့ပေမဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ကြောင့် အသက်နဲ့ ဘဝတွေ ဆုံးရှုံးပျက်စီးမှုနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက် အင်အားပြင်းစစ်ကိုင်း ငလျင်ကြီးကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ အိုးအိမ် အမြောက်အမြား ပြိုကျခဲ့တဲ့အထဲ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်လည်း ပါခဲ့ပြီး လူနေအိမ်ခြေ ၆၀၀ လောက် ငလျင်ကြောင့် ထိခိုက်ပြိုကျခဲ့ပေမဲ့ သေဆုံးသူတော့ မရှိခဲ့ပါဘူး။

ဒါပေမဲ့ ငလျင်အပြီး နောက်တလမှာပဲ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် လင်မယား ၂ ယောက် သေဆုံးခဲ့သလို ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ အသက် ၁၆ နှစ်အရွယ် မိန်းကလေး သေဆုံးပြီး သူ့ရဲ့ ၁၀ နှစ်အရွယ် အမြွှာညီအစ်မကတော့ ဒဏ်ရာရခဲ့ပါတယ်။

သူတို့အားလုံးဟာ ငလျင်တုန်းက အိမ်ပြိုကျလို့ အခက်အခဲရောက်နေချိန်မှာပဲ စစ်ကောင်စီတပ်ကြောင့် သေဆုံးခဲ့ကြရတာပါ။

နိုဝင်ဘာ ၂၁ ရက်က ရေအိုးစင်ကျေးရွာအုပ်စု၊ သရက်တောရွာက မင်္ဂလာဆောင်တခုကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ဘေးအိမ်မှာရှိနေတဲ့ မိန်းကလေးငယ် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ကူညီဆောင်ရွက်ပေးခဲ့သူတယောက်က “မင်္ဂလာဆောင်အိမ်ရဲ့ ဘေးနားက အိမ်ပေါ်ကို တည့်တည့်ကျပြီး အသက် ၁၆ နှစ်အရွယ်ရှိတဲ့ မချမ်းမီမီအောင်ကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူ ၃ ယောက်လောက်ရှိတယ်” လို့ ပြောပါတယ်။

မချမ်းမီမီအောင်က လည်ပင်းထိမှန်လို့ နေရာမှာတင်သေဆုံးခဲ့ပြီး သူ့ရဲ့ အသက် ၁၀ နှစ်အရွယ် ညီမ မယွန်းမီမီအောင်မှာ မျက်နှာ၊ ကျောဘက်၊ ခြေလက်ဒဏ်ရာရသလို မယွန်းမီမီဇော်မှာတော့ ကျောဘက်၊ ပေါင်နဲ့ ခြေလက်မှာ ဒဏ်ရာရသွားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုတ်တွင်းမြို့နယ်က လူသားစာနာတာဝန်ခံ ကိုလင်းယုန်က “သူတို့က သောင်တန်းကျေးရွာကပါ၊ သရက်တောရွာနဲ့ တဆက်တည်းပါ။ ဗုံးကျတဲ့အိမ်က သူ့အဘွားအိမ်၊ အဘွားအိမ်ကို သူတို့ညီအစ်မ ၃ ယောက် သွားတဲ့အချိန်မှာ ဖြစ်သွားတာ။ ဒရုန်းဗုံးသီးက အိမ်ရှေ့ တံစက်မြိတ် သွပ်အမိုးကိုဖောက်ပြီး တံခါးမကြီးအပေါ်က Sun Shade ကွန်ကရစ်ပြားအစွန်းကိုကျပြီး ပေါက်ကွဲတယ်။ သူတို့က အိမ်ရှေ့မှာဆိုတော့ ထိကုန်တယ်။ အိမ်အတွင်းပိုင်းတွေက ပြတင်းပေါက်မှန်အစတွေပဲ လွင့်စင်တာလောက်ပဲ ဖြစ်သွားတယ်။ အိမ်အတွင်းကတော့ အိမ်တိုက်နံရံအကာတွေရှိတော့ သက်သာတဲ့သဘောပေါ့” လို့ ပြောပါတယ်။

ငလျင်တုန်းက သောင်တန်းရွာမှာ အိမ်ခြေ ၇၀ လောက်ပျက်စီးခဲ့ပြီး အဲဒီအထဲမှာ မချမ်းမီမီအောင် တို့ရဲ့ တထပ်အိမ်လေးလည်း ပါပါတယ်။

သူ့မိဘတွေက လက်လုပ်လက်စားတွေဖြစ်လို့ အိမ်ကို ပြန်မဆောက်နိုင်သေးဘဲ ရွာထဲက တခြား အိမ်တအိမ်မှာ မှီခိုနေရချိန် ဒီအဖြစ်အပျက်ကြောင့် သူ့မိခင်ဟာ စိတ်တောင်မမှန်ချင်တော့ဘူးလို့လည်း သိရပါတယ်။

အဲဒီလို ဗုံးကြဲတုန်းက အုတ်တွင်းနယ်ထဲမှာ စစ်တပ်ကလုပ်မဲ့ အတုအယောင်​ ရွေးကောက်ပွဲအတွက် လုံခြုံရေး အကြောင်းပြပြီး ဝင်နေတဲ့ စစ်တပ် စစ်ကြောင်းနဲ့တော့ တိုက်ပွဲဖြစ်နေတာတော့ရှိပြီး သရက်တောရွာနဲ့ အလှမ်းဝေးတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၂ တပ်ရင်းမှူး ဗိုလ်တိမ်တိုက်က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်ကလည်း ငလျင်ကြောင့် အိမ်ပြိုခဲ့ပေမဲ့ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ လင်မယားဟာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရပါတယ်။

သောင်တန်းရွာသား ကိုမျိုးကိုဟာ ငလျင်ကြောင့် ပြိုကျပျက်စီးနေတဲ့အိမ်ကို ပြင်ဆင်ဖို့ စီစဉ်နေပြီး သူ့ကို NUG က ငွေကြေးထောက်ပံ့ခဲ့ပြီးနောက် မကြာခင်မှာပဲ စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် လင်မယား ၂ ယောက်လုံး သေဆုံးခဲ့သလို ကလေး ၂ ယောက်ကတော့ အပြင်းအထန်ဒဏ်ရာရသွားတာပါ။

အုတ်တွင်းမြို့နယ်က လူသားစာနာတာဝန်ခံ ကိုလင်းယုန်က “နေ့ခင်းကတည်းက စစ်တောင်းမြစ်ဝှမ်းတလျှောက်ကို လေယာဉ် ၂ စင်း၊ ၃ စင်း လာတယ်။ လက်နက်ကြီးတွေလည်း တရစပ် ထုနေပါတယ်။ သူတို့အိမ်ခြံဝင်းထဲကိုကျပြီး ကိုမျိုးကိုနဲ့ သူ့ဇနီးက သေဆုံးသွားတယ်” လို့ ပြောပါတယ်။

စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အသက် ၃၆ နှစ်အရွယ် ကိုမျိုးကိုနဲ့ ၂၈ နှစ်အရွယ် သူ့ဇနီး မခင်မြတ်သူ တို့ နေရာမှာတင် သေဆုံးခဲ့ရပြီး အသက် ၆ နှစ်အရွယ် သား မောင်လင်းရောင်၊ အသက် ၂ နှစ်အရွယ် သမီး နန္ဒာရောင်တို့ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပါတယ်။

အဲဒီရက်ပိုင်းတွေက စစ်ကောင်စီတပ်ဟာ စစ်တောင်းမြစ်ဝှမ်းတကြောနဲ့ အုတ်တွင်းမြို့နယ်၊ သောင်တန်းရွာတဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

သောင်တန်းရွာဟာ ၂ နှစ်ဆက်တိုက် ရေကြီးရေလျှံလို့ ရွာလုံးကျွတ်ရေဘေးသင့်ခဲ့ရပြီး ပြည်သူတွေဟာ သဘာဝဘေးဒဏ်ကို ခါးစည်းခံနေရချိန်အသက်မသေခဲ့ပေမဲ့ စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် စစ်ဘေးနဲ့ သေဆုံးနေကြရတယ်လို့ ကိုလင်းယုန်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013