DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလားတွင် ငလျင်ကြောင့် သေဆုံးပိုင်ရှင်မဲ့အလောင်းများကို စုပေါင်းမြှုပ်နှံမည်
DVB
·
July 7, 2026
Photo: REUTERS/Adriano Machado
Photo: REUTERS/Adriano Machado
Donate to DVB

ဗင်နီဇွဲလားနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်က အင်အားပြင်း အမြွှာငလျင်ကြီးဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရတဲ့ လာဂွိုင်ရာပြည်နယ်မှာ အပျက်အစီးတွေကြားကနေ ဆယ်ယူရရှိထားတဲ့ ဘယ်သူဘယ်ဝါမှန်း အမှတ်အသား မပြုနိုင်သေးတဲ့ သေဆုံးသူရုပ်အလောင်းတွေကို မြှုပ်နှံဖို့အတွက် အာဏာပိုင်တွေဟာ ပြင်ဆင်မှုတွေ အပြင်းအထန် လုပ်ဆောင်နေပါတယ်။ 

ဇူလိုင် ၆ ရက်မှာ လာအက်စ်ပီရန်ဇာလို့ လူသိများတဲ့ ဗားဂတ်စ် မြူနီစပယ်သုသာန်ရဲ့ ဝေးလံခေါင်သီတဲ့ သင်္ချိုင်းမြေနေရာတခုမှာ မြေတူးစက်တွေကို သုံးပြီး ပိုင်ရှင်မဲ့အလောင်းတွေကို မြှုပ်နှံဖို့ကျင်းတွေကို အဆက်မပြတ် တူးနေကြရတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

အဲဒီသင်္ချိုင်းဟာ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း သေဆုံးသူတွေကို မြှုပ်နှံရာ အဓိကနေရာတခု ဖြစ်လာခဲ့တာပါ။ 

တဖက်မှာလည်း ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ငလျင်လှုပ်ခတ်ပြီး ၁၂ ရက်ကြာတဲ့အထိ အဆောက်အအုံတွေ အပျက်အစီးတွေကြားထဲမှာ မိသားစုဝင်တွေဟာ ပျောက်ဆုံးနေသူတွေကို  ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။ 

ကာရာဘာယဲဒါမြို့က သမ္မတဟောင်း ဟူးဂိုးချက်ဗက်ဇ် လက်ထက်က ဆောက်လုပ်ခဲ့တဲ့ OPPE 26 လို့ခေါ်တဲ့ အစိုးရအိမ်ရာအဆောက်အအုံ ပြိုကျသွားတဲ့နေရာမှာလည်း မိသားစုဝင်တွေဟာ သူတို့ချစ်ရသူတွေကို ရင်တထိတ်ထိတ်နဲ့ လိုက်ရှာနေကြပါတယ်။ 

အဲဒီအပျက်အစီးတွေကြားထဲမှာ မိဘနှစ်ပါးစလုံးကို သင်္ဂြိုဟ်လိုက်ရပြီးဖြစ်တဲ့ အသက်ရှင်ကျန်ရစ်သူ အမျိုးသမီး အဲလိဇဘတ်လီယွန်က သူ့ရဲ့တူဖြစ်သူအပါအဝင် ဆွေမျိုး ၅ ယောက်ကို အပျက်အစီးတွေအောက်မှာ ထပ်မံရှာဖွေနေပါတယ်။

ကယ်ဆယ်ရေးသမားတွေနဲ့ ဆွေမျိုးတွေဟာ သူတို့မိသားစုဝင်တွေ ပိတ်မိနေတယ်လို့ ယူဆရတဲ့ ၄ ထပ်မြောက် အခန်းဆီ ရောက်အောင် ကွန်ကရစ်တုံးတွေကို လက်နဲ့ပဲ အပတ်တကုတ် ဖယ်ရှားနေကြတာပါ။ 

အစိုးရရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ အခုအချိန်အထိ ငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၃,၅၃၅ ယောက်အထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရသူ ၁၆,၇၄၀ ယောက်နဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၁၇,၈၅၄ ယောက်အထိ ရှိနေပြီလို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013