DVB Logo
Home
မြန်မာသတင်း
“ပြုံးပြုံးလေး” ရုပ်ရှင်ပြပွဲနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဂုဏ်ပြုပွဲ နယူးယောက်တွင် ကျင်းပ (ဓာတ်ပုံ) 
DVB
·
December 21, 2025
“ပြုံးပြုံးလေး” ရုပ်ရှင်ပြပွဲနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဂုဏ်ပြုပွဲ နယူးယောက်တွင် ကျင်းပ (ဓာတ်ပုံ) 
1 / 16
Donate to DVB

ဒါရိုက်တာ ကိုပေါက် ရိုက်ကူးပြီး သရုပ်ဆောင် မင်းမော်ကွန်း ဦးဆောင်ပါဝင်တဲ့ “ပြုံးပြုံးလေး” ရုပ်ရှင်ပြပွဲနဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ  ဒေသစံတော်ချိန် ဒီဇင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့ပါတယ်။

နယူးယောက်မြို့ရုပ်ရှင်ပြပွဲကို Helping Hands for Burma-H2B အဖွဲ့က စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အလုပ်အချိန်အရ အဆင်မပြေသူတွေအတွက် အချိန် ၂ ခုခွဲပြီး ပွဲစဉ် ၂ ခု ပြသခဲ့ပါတယ်။ 

ရုပ်ရှင်ပြပွဲနဲ့အတူ လာမဲ့နှစ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ရာထူးတာဝန် ဆက်လက်ထမ်းဆောင်ခွင့်ရထားတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းအတွက် မြို့ခံတွေရဲ့ ဂုဏ်ပြုအစီအစဉ်ကိုလည်း ထည့်သွင်းပြုလုပ်ခဲ့တာပါ။   

သံအမတ်ကြီးဦးကျော်မိုးထွန်းက “အထူးသဖြင့်တော့ ဒီလိုကာလပေ့ါနော်၊ စစ်အုပ်စုအနေနဲ့ အတုအယောင် ရွေးကောက်ပွဲကို လုပ်ပြီးတော့ သူတို့အာဏာတည်မြဲဖို့အတွက်ကို ကြိုးစားနေတဲ့ အချိန်မှာ ကျနော်တို့ပြည်သူတွေအနေနဲ့ ဘယ်လောက်ထိ စစ်အာဏာရှင်ချုပ်ငြိမ်းဖို့အတွက် ကြိုးကြိုးစားစား ဆောင်ရွက်နေတယ်၊ စိတ်ရောကိုယ်ပါ ဆောင်ရွက်နေတယ်ဆိုတဲ့ဟာကို ဒီရုပ်ရှင်ကြည့်ရင်းနဲ့ အရမ်းကို သိသာတယ်ပေါ့။ ဒါကြောင့်မို့ ဖြစ်နိုင်ရင် ကျနော်က မေတ္တာရပ်ခံချင်တာ၊ နိုင်ငံတကာက သိအောင် ကျနော်တို့ ဒါကို တတ်နိုင်သမျှ ဆွဲထုတ်ပေးကြဖို့ကိုလည်း ကျနော်ကတော့ မေတ္တာရပ်ခံပါတယ်”လို့ ပြောပါတယ်။

‘ပြုံးပြုံးလေး’ ရုပ်ရှင်မှာ သရုပ်ဆောင် မင်းမော်ကွန်းနဲ့အတူ ကရင်နီဒေသအခြေစိုက် တော်လှန်ရေးရဲဘော်တွေနဲ့ အရပ်သားပြည်သူတွေလည်း ပူးပေါင်းပါဝင် သရုပ်ဆောင်ထားကြ ပါတယ်။ 

ဖြစ်ရပ်မှန်ပေါ် အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ‘ပြုံးပြုံးလေး’ ရုပ်ရှင်ဟာ အနုပညာရှင်တွေရဲ့ အနုပညာနဲ့ တော်လှန်တဲ့ပြယုဂ် ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ရုပ်ရှင်ပြပွဲ လာရောက်အားပေးသူတယောက်က “တကယ့်ပြည်သူတွေကို သတ်တဲ့ဟာတွေ။ ဒါတွေကို မြင်ရတဲ့အခါ ကိုယ်ကိုယ်တိုင်ဖြစ်သလိုပဲ ခံစားရတယ်ပေါ့နော်။ ကြွေလွင့်သွားတဲ့ ကြယ်လေးတွေ၊ ဒါတွေကို မြင်တဲ့အခါမှာ ကိုယ့်ရဲ့စိတ်ထဲမှာ ဘယ်လိုမှ မခံစားနိုင်ဘူး၊ ပြုံးပြုံးလေး ဆိုပေမဲ့ အရမ်းကို ငိုရပါတယ်”လို့ ပြောပါတယ်။ 

ရုပ်ရှင်ပြပွဲ လာရောက်အားပေးသူတယောက်က “အဲဒီကားကိုကြည့်ပြီးတော့ ရင်ထဲမှာလည်း အရမ်းထိခိုက်လာတယ်၊ ခံစားရတယ်ပေါ့နော်။ ဒီ့အပြင်ကို ဘာပြောချင်လဲဆိုရင် ကျနော်တို့ တော်လှန်ရေးကြီးက ပြီးလုပြီးခင်ဖြစ်နေပြီ၊ လိပ်ခဲတည်းလဲ ဖြစ်နေပြီ၊ အဲဒီတော့ နောက်ဆုံးအောင်ဖို့ အခုအချိန်မှာ အကုန်လုံး အားတွေထပ်ထည့်ပြီး ထပ်တွန်းပေးကြပါလို့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။

နယူးယောက်မြို့ ရုပ်ရှင်ပြပွဲကို လာရောက်အားပေးတဲ့ ပြည်သူတွေကို သရုပ်ဆောင် မင်းမော်ကွန်း၊ ဒါရိုက်တာ ကိုပေါက်၊ ပြုံးပြုံးလေးကော်မတီအဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဘန်နီ၊ ဒေါက်တာထူး နဲ့ ကိုထူးအောင်တို့က ကျေးဇူးတင် နှုတ်ဆက်စကားပြောခဲ့ကြပါတယ်။

ပြုံးပြုံးလေး ရုပ်ရှင်ပြပွဲတွေကနေ ရလာတဲ့ ရန်ပုံငွေအားလုံး ရာနှုန်းပြည့် မြေပြင်ကို တိုက်ရိုက်စီးဆင်းမယ်လို့ ဒါရိုက်တာ ကိုပေါက်က ပြောထားပါတယ်။

နယူးယောက်မြို့ ပြပွဲကနေ ကုန်ကျစရိတ် မနုတ်ရသေးတဲ့ စုစုပေါင်းရငွေ ဒေါ်လာ ၂၀,၀၀၀ ကျော်ရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013