
ကိုလံဘီယာ အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (ELN) ပြောက်ကျားအဖွဲ့ဟာ ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက တောင်ပိုင်းဆယ်ဇာပြည်နယ်၊ အာဂွါချီကာမြို့ရှိ စစ်တပ်ရင်းတခုကို ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ သေနတ်အသုံးပြု တိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး ကိုလံဘီယာ စစ်သား ၇ ယောက် သေဆုံးပြီး ၃၁ ယောက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဗိုလ်ကြီး အန်တိုနီယိုရီကာတေးရဲ့ ခြေလျင်တပ်ရင်း အမှတ် ၁၄ ကို တိုက်ခိုက်မှုကို ELN ပြောက်ကျားအဖွဲ့ရဲ့ အဖွဲ့ခွဲ တခုဖြစ်တဲ့ ကာမီလို တောရက်စ်ရက်စ်ထရယ်ပို တပ်ဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို ပစ်လွှတ်ဖို့ ပြုပြင်ထားတဲ့ ဒရုန်းတွေ ပါဝင်ခဲ့ပါတယ်။
ELN တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ တပ်ဖွဲ့အရာရှိ လူးဝစ္စအက်ဒွါဒို အက်စ်ပီနိုဆာက “စစ်သားတွေ လူစုပြီးသွားချိန်မှာ ရုတ်တရက် ပေါက်ကွဲသံတွေ ကြားလိုက်ရပြီးတော့ လူတိုင်း ပြေးလွှားအော်ဟစ်နေကြတယ်။ သတိထားလိုက်မိချိန်မှာ ပေါက်ကွဲပစ္စည်းတွေက ကိုယ့်အနားမှာ ကျလာတယ်”လို့ ပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ စစ်သား ၁၆ ယောက်ထဲက ၂ ယောက်ကို အဆင့်မြင့်ဆေးရုံတွေကို ပြောင်းရွှေ့ထားကြောင်းနဲ့ ၅ ယောက်ကို ခွဲစိပ် ကုသခဲ့ပြီး ၄ ယောက်မှာ အထူးကြပ်မတ်ကုသဆောင်မှာ ကျန်နေသေးကြောင်း၊ တခြားသူတွေကို အရေးပေါ် ဝန်ဆောင်မှုတွေမှာ စောင့်ကြည့်ကုသမှုခံယူနေရကြောင်း ဆေးရုံအရာရှိတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ELN ပြောက်ကျားအဖွဲ့မှ သီတင်းပတ်ကုန်မှာ စတင်ကြေညာခဲ့တဲ့ ၇၂ နာရီ ကြာ နိုင်ငံတဝန်း လက်နက်ကိုင် အကြမ်းဖက်လှုပ်ရှားမှုအပြီးမှာ ဖြစ်ပွားခဲ့တာပါ။
ဒါ့အပြင် ကာတာတွန်မ်ဘို ဒေသမှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၅၀,၀၀၀ ကျော် အိုးစွန့်အိမ်စွန့် ထွက်ပြေးခဲ့ရပြီးနောက်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ကတည်းက ELN နဲ့ သမ္မတ ပေထရို ဦးဆောင်တဲ့ အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ရပ်ဆိုင်းသွားခဲ့ပါတယ်။
Source: Reuters








