DVB Logo
Home
မြန်မာသတင်း
စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်အုပ်စုကို ထိရောက်စွာ အရေးယူရန် အဖွဲ့ ၂၀၀ ကျော် တိုက်တွန်း
DVB
·
December 20, 2025
စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်အုပ်စုကို ထိရောက်စွာ အရေးယူရန် အဖွဲ့ ၂၀၀ ကျော် တိုက်တွန်း
Donate to DVB

အာဏာသိမ်းစစ်တပ်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေတဲ့အပေါ် နိုင်ငံတကာအစိုးရတွေအနေနဲ့ ထိ‌ရောက်တဲ့ အရေးယူပေးဖို့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း ၂၀၉ ဖွဲ့က ပူးတွဲထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးကုသမှု ခံယူ‌နေကြတဲ့ အရပ်သား ၃၀ ကျော် သေဆုံးခဲ့ရပြီး ၇၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒီဗုံးကြဲတိုက်ခိုက်မှုအပြင် ဒီဇင်ဘာ ၁၁ ရက်ကလည်း ကျောက်ဖြူမြို့နယ် င/လုံးစု ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒီဗုံးကြဲတိုက်ခိုက်မှုအပါအဝင် စစ်ရာဇဝတ်မှုတွေကို ရခိုင်ပြည်နယ်က မြို့နယ် ၇ ခုမှာ ကျူးလွန်နေတယ်လို့ အဖွဲ့အစည်းတွေရဲ့ ဒီဇင်ဘာ ၁၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီလိုမျိုး စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ၊ စစ်ရာဇဝတ်မှု‌တွေအပေါ် အပြစ်ပေးအရေးယူမှု၊ တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိလာအောင် အာဆီယံ (ASEAN)၊ ဥရောပသမဂ္ဂ (EU) နဲ့ နိုင်ငံတကာ အစိုးရတွေ အနေနဲ့ ရှုတ်ချကန့်ကွက်ကြောင်း စာထုတ်ပြန်ရုံထက် ထိရောက်တဲ့ အပြစ်ပေးဒဏ်ခတ် အရေးယူမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

နိုင်ငံတကာက လေယာဉ်ဆီတွေ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်းတာ ဒါမှမဟုတ် ဖြန့်ဖြူးနေတာတွေကို ချက်ချင်း ပိတ်ဆို့ဖြတ်တောက်ပေးဖို့၊ လေယာဉ်ဆီ ထောက်ပံ့ရေး ကွင်းဆက်မှာ ပါဝင်နေတဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာကုမ္ပဏီတွေ၊ ကော်ပိုရိတ်တွေ အားလုံးကို ထိရောက်စွာ ဒဏ်ခတ် ပိတ်ဆို့အရေးယူဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာအစိုးရတွေ အထူးသဖြင့် ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံကို လေယာဉ်ဆီ သယ်ယူပို့ဆောင်ရေးမှာ ပါဝင်နေတဲ့ ဆီတင်သင်္ဘော‌တွေနဲ့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ဆိပ်ကမ်းများ၊ ဆီသိုလှောင်ကန်များနဲ့ ပိုက်လိုင်းများ အတွက် ရေကြောင်းအာမခံဝန်ဆောင်မှု ပေးနေတာတွေကို ပိတ်ဆို့ တားဆီးရမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

နောက်ပြီး စစ်အုပ်စုက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ အဆက်မပြတ် ကျူးလွန်တိုက်ခိုက်နိုင်တာဟာ ရုရှား၊ တရုတ်၊ ဘယ်လာရုစ် စတဲ့ နိုင်ငံတွေကနေ လက်နက်ကိရိယာတွေ ဝယ်ယူနေတာကြောင့်ဖြစ်သလို ဒီလို ဝယ်ယူနိုင်ဖို့ ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီက လစဉ် ဓာတ်‌ငွေ့ ဝင်ငွေတွေအဖြစ် စစ်အုပ်စုကို ဒေါ်လာသန်းနဲ့ချီ ငွေပေးနေတာ ဖြစ်တဲ့အတွက် ဒါ‌တွေ ရပ်တန့်ဖို့ လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုမျိုး ပြည်သူ့ဘဏ္ဍာ ရေနံဓာတ်ငွေ့အခွန်ငွေတွေကို တရားမဝင် စစ်အုပ်စုက ထုတ်ယူသုံးစွဲခွင့်မရှိတဲ့ အက်စ်ခရိုး အကောင့်မှာ သိမ်းဆည်းဖို့ကိုလည်း အကြံပြုထားပါသေးတယ်။

စစ်အုပ်စုဟာ ရွေးကောက်ပွဲကို သေနတ်ထောက် ခြိမ်းခြောက်ဖမ်းဆီးကာ အတင်းအဓမ္မ ပြုလုပ်ဖို့ ကြိုးစားနေပြီး ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက်မရစေဖို့နဲ့ အရပ်သားပစ်မှတ်‌တွေအပေါ် ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ နိုင်ငံတကာအစိုးရတွေ အားလုံးအနေနဲ့ တစုတစည်းတည်း ပြစ်ဒဏ်ပေး အရေးယူရဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒီလိုမျိုး စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအစိုးရတွေအနေနဲ့ ထိ‌ရာက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့တဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်း ၂၀၉ ဖွဲ့မှာ Justice For Myanmar အပါအဝင် Burma Campaign UK၊ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၊ Arakan CSO Network၊ Progressive Voice of Myanmar စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013