
ဆူဒန်နိုင်ငံအနောက်ပိုင်း ဒါဖာဒေသမှာ ငတ်မွတ်ခေါင်းပါးမှုဒဏ် ခံစားနေရတဲ့ ရွှေ့ပြောင်းနေထိုင်ရေး စခန်းတခုကို ဧပြီလတုန်းက ဆူဒန်လက်နက်ကိုင်အဖွဲ့တဖွဲ့က သိမ်းပိုက်ခဲ့ချိန်မှာ အရပ်သား ၁,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၃ ပုံ ၁ ပုံလောက်က မြန်မြန်ဆန်ဆန် ကွပ်မျက်ခံခဲ့ရတယ်လို့ ဒီဇင်ဘာ ၁၈ ရက်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ဧပြီ ၁၁ ရက်မှ ၁၃ ရက်အထိ တိုက်ခိုက်မှုမတိုင်မီ လပေါင်းများစွာကတည်းက အမြန်တုံ့ပြန်ရေးတပ် (RSF) တပ်ဖွဲ့တွေဟာ ဆူဒန်နိုင်ငံအနောက်ပိုင်း ဒါဖာဒေသက ဇမ်းမ်ဇမ် စခန်းကို အစားအစာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ဝင်ရောက်မှုကို ပိတ်ဆို့ထားခဲ့ကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သိမ်းပိုက်နေချိန်အတွင်း RSF ဟာ အရပ်သားတွေအပေါ် ဦးတည်တိုက်ခိုက်ခဲ့တယ်လို့လည်း ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေဟာ သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ပြန်ပေးဆွဲမှုတွေကို သတင်းပို့ခဲ့ပြီး အနည်းဆုံး လူ ၃၁၉ ယောက် ဟာ စခန်းမှာ ဒါမှမဟုတ် ထွက်ပြေးဖို့ကြိုးစားချိန်မှာ ကွပ်မျက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က “အရပ်သား သို့မဟုတ် တိုက်ပွဲမဝင်နိုင်တဲ့ အားနည်းသူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းဟာ လူသတ်မှု စစ်ရာဇ၀တ်မှု မြောက်နိုင်တယ်”လို့ စာမျက်နှာ ၁၈ မျက်နှာပါ အစီရင်ခံစာနဲ့အတူ ပူးတွဲပါ ကြေညာချက်မှာ ပြောပါတယ်။
ဒီတွေ့ရှိချက်တွေဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လက ချဒ်နိုင်ငံကို ထွက်ပြေးခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူ ၁၅၅ ယောက်နဲ့ မျက်မြင်သက်သေတွေကို ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတွေအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။
စခန်းရှိ အခန်းတခန်းထဲမှာ ပုန်းအောင်းနေတဲ့ လူ ၈ ယောက်ကို RSF တိုက်ခိုက်ရေးသမားတွေက ပြတင်းပေါက်ကနေ ရိုင်ဖယ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သူတို့ထဲက တယောက်က ထွက်ဆိုခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
RSF တပ်ဖွဲ့ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်တာ မရှိပါဘူး။ အဲဒီအဖွဲ့ဟာ အရပ်သားတွေကို ထိခိုက်နစ်နာစေခဲ့တယ်ဆိုတာကို အရင်ကငြင်းဆိုခဲ့ပြီး ဘယ်လို ချိုးဖောက်မှုတွေအတွက်မဆို သူ့တပ်ဖွဲ့တွေက တာဝန်ယူမယ်လို့ ပြောထားပါတယ်။
အောက်တိုဘာလနှောင်းပိုင်းမှာ အယ်လ်ဖာရှီးရ်မြို့ကို တိုက်ခိုက်မှုအတွင်း RSF ဟာ လူထောင်ပေါင်းများစွာကို ခပ်မြန်မြန် ကွပ်မျက်ပစ်ပြီး ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲခံထားရပါတယ်။
Source: Reuters










