DVB Logo
Home
မြန်မာသတင်း
စစ်တပ် အာဏာသိမ်းပြီးနောက် အင်တာနက်ပိတ်ပစ်မှု အကြိမ်ရေ ၄၀၀ ကျော်ရှိ
DVB
·
December 20, 2025
စစ်တပ် အာဏာသိမ်းပြီးနောက် အင်တာနက်ပိတ်ပစ်မှု အကြိမ်ရေ ၄၀၀ ကျော်ရှိ
1 / 2
Donate to DVB

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းမှာ အင်တာနက်ပိတ်ပစ်တာ အကြိမ်ရေ ၄၀၀ ကျော်ရှိပြီး ပြည်သူတွေအနေနဲ့ အင်တာနက်ကြောင့်ဖြစ်လာနိုင်တဲ့ အန္တရာယ်လျှော့ချရေး နည်းလမ်းတွေကို လေ့လာထားသင့်တယ်လို့ မြန်မာအင်တာနက် ပရောဂျက် တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်နဲ့ အင်တာနက်အခြေအနေအကြောင်းကို လေ့လာမှတ်တမ်းတင်ပြီး အသိပညာပေးနေတဲ့ မြန်မာအင်တာနက်ပရောဂျက်ရဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ အင်တာနက်ဖြတ်တောက်ခံရတာ ၄၂၂ ကြိမ် ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ ၁၀၅ ကြိမ် ဖြတ်တောက်ခံရလို့ အများဆုံးဖြစ်ပြီး မကွေးနဲ့ ရှမ်းပြည်နယ်မှာ ၃၈ ကြိမ်စီ၊ ကချင်မှာ ၃၆ ကြိမ်၊ တနင်္သာရီတိုင်းမှာ ၂၉ ကြိမ်၊ ချင်းပြည်နယ်မှာ ၂၈ ကြိမ်၊ ဧရာဝတီတိုင်းမှာ ၂၃ ကြိမ်၊ ရခိုင်၊ ကယားနဲ့ မန္တလေးတိုင်းမှာ ၂၂ ကြိမ်စီ၊ ပဲခူးတိုင်းမှာ အကြိမ် ၂၀၊ ကရင်ပြည်နယ်မှာ ၁၉ ကြိမ်၊ မွန်ပြည်နယ်မှာ ၁၁ ကြိမ်၊ ရန်ကုန်တိုင်းမှာ ၉ ကြိမ်ရှိခဲ့ပါတယ်။

တနိုင်ငံလုံးကို ဖြတ်တောက်ခဲ့တာ ၆ ကြိမ်ရှိပြီး အခုလက်ရှိမှာတော့ စစ်ရေးကြောင့် ဖြတ်တောက်ခံရတာတွေက အများဆုံးဖြစ်တယ်လို့ မြန်မာအင်တာနက် ပရောဂျက် တာဝန်ရှိသူတယောက်က ဆိုပါတယ်။

“အင်တာနက်ဖြတ်တောက်မှုအခြေအနေမှာ ကျနော်တို့က ဘာတွေ့ရလဲဆိုရင်တော့  ဗုံးကြဲတဲ့ဟာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ အဆက်အစပ်ရှိတဲ့ဟာ၊ အဲဒီဟာလေးတော့ တွေ့ရတယ်ပေါ့နော်။  အင်တာနက်ဖြတ်တောက်ရတဲ့အကြောင်းရင်းကတော့ စစ်ရေးပဋိပက္ခ မြင့်မားတဲ့နေရာတွေမှာ စစ်ကြောင်းထိုးဖို့တို့  လေကြောင်းဗုံးကြဲတိုက်ခိုက်ဖို့တို့ အဲလိုဟာတွေကို ဦးစားပေးပြီးလုပ်တာကို တွေ့ရတယ်။ နောက်တခုက စစ်ကောင်စီရဲ့လှုပ်ရှားမှုတခုခု ရှိတဲ့အချိန်မှာလည်း အင်တာနက် ဖြတ်တောက်တဲ့ကိစ္စ ကို လုပ်ဆောင်တာတွေ့ရတယ်။”

လတ်တလောမှာတော့ ဒီဇင်ဘာ ၁၅ ရက်က ရန်ကုန်ကို ဒုစစ်ခေါင်းဆောင် ရောက်လာချိန် မင်္ဂလာဒုံနဲ့ မြောက်ဥက္ကလာပမြို့နယ်က ရပ်ကွက်တချို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၄ ရက်တော့ ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်က ရွာတွေမှာ ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံရပြီးနောက် လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရပါတယ်။

လက်ရှိမှာ အင်တာနက်လိုင်းတွေနှေးပြီး VPN သုံးရအဆင်မပြေတာဟာလည်း လိုင်းဖြတ်လိုက်တာမျိုး သတင်းအချက်အလက်မရစေမဲ့ နည်းလမ်းတခုဖြစ်တယ်လို့ မြန်မာအင်တာနက် ပရောဂျက် တာဝန်ရှိသူတယောက်က ဆိုပါတယ်။

အများပြည်သူအနေနဲ့ အင်တာနက်ပိတ်ဆို့တဲ့ကိစ္စတွေ၊ စောင့်ကြည့်ရေး ယန္တရားကိစ္စတွေကို သိထားဖို့လိုပြီး ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်သိမှုကို တိုးမြှင့်ထားရမယ်လို့လည်း သူက တိုက်တွန်းပါတယ်။

မြန်မာအင်တာနက် ပရောဂျက် တာဝန်ရှိသူက “အဲဒီဟာအတွက် မြန်မာအင်တာနက်ပရောဂျက်နဲ့ SRS တို့ ပြင်ဆင်ထားတဲ့ဟာတွေ ရှိတယ်။ ဝက်က်ဆိုက်တွေ၊ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရှိပါတယ်။ အဲဒီမှာ လေ့လာထားဖို့ လိုအပ်ပါတယ်။ အနှစ်ချုပ်အားဖြင့်ပြောရရင်တော့ အများပြည်သူတွေအနေနဲ့ ဘယ်လိုအခြေအနေတွေ ရှိနေတယ်ဆိုတာ နံပါတ် ၁ သိဖို့လိုပါတယ်။ ပြီးတော့ အန္တရာယ်ဖြေလျှော့တဲ့ နည်းလမ်းတွေကို လေ့လာဖို့လိုပါတယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်သိမှု၊ အသိပညာသိမှု မြှင့်တင်ဖို့ လိုအပ်ပါတယ်။ အဲဒီအတွက်လိုအပ်တဲ့ resource (အရင်းအမြစ်)တွေအားလုံးကို ကျနော်တို့ အများကြီးပြင်ဆင်ထားတာရှိပါတယ်။ အဲဒီမှာ လေ့လာဆည်းပူးဖို့၊ ကိုယ့်ကိုယ်ကို ဒစ်ဂျစ်တယ်အသုံးပြုမှုမှာ မြှင့်တင်ဖို့ လိုအပ်တယ်လို့ အကြံပြုချင်ပါတယ်”လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ဒစ်ဂျစ်တယ်၊ အင်တာနက်နဲ့ ပတ်သက်ပြီး www.myanmarinternet.info မှာ ဝင်ရောက်လေ့လာကြဖို့ တိုက်တွန်းပြီး မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး၊ သတင်းအချက်အလက် ရပိုင်ခွင့်တွေအတွက် နိုင်ငံတကာက ကူညီနိုင်တာတွေကို ကူညီကြဖို့လည်း သူက တောင်းဆိုပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက မြို့နယ် ၁၃၁ မြို့နယ်အထိ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံခဲ့ရပြီး လက်ရှိ ၄ နှစ်ကျော် ၅ နှစ်နီးပါးကြာတဲ့အထိ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရတာ ၂၂ မြို့နယ် ရှိနေဆဲဖြစ်တယ်လို့ အသံအဖွဲ့ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013