DVB Logo
Home
မြန်မာသတင်း
တနှစ်ကျော်ကြာ တိမ်းရှောင်နေရသည့် ဗန်းမော်စစ်ရှောင်ပြည်သူများ ပိုမိုခက်ခဲလာ
DVB
·
December 19, 2025
တနှစ်ကျော်ကြာ တိမ်းရှောင်နေရသည့် ဗန်းမော်စစ်ရှောင်ပြည်သူများ ပိုမိုခက်ခဲလာ
Donate to DVB

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေသလို စစ်ရှောင်ကာလ တနှစ်ကျော်လာတဲ့ ဗန်းမော် စစ်ရှောင်ပြည်သူတွေလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အထောက်အပံ့တွေ လိုအပ်နေကြပါတယ်။

၂၀၂၄ ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ တနှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲကြောင့် ဗန်းမော်ဒေသခံတွေ အားလုံးဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နီးစပ်ရာဒေသတွေကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

စစ်ရှောင်ကာလ တနှစ်ကျော်ကြာမြင့်လာတဲ့အလျောက် ဗန်းမော်စစ်ရှောင်ပြည်သူတွေ စားဝတ်နေရေးအတွက် ပိုခက်ခဲလာကြပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဗန်းမော်အနီးတဝိုက်မှာ တိမ်းရှောင်နေတဲ့ ဒေသခံတယောက်က ပြောပါတယ်။

“ကျနော်တို့ဘက်မှာ အခု ခက်ခဲတယ်ဆိုတာက တအားခက်ခဲတာပေါ့။ ဗန်းမော်နားတဝိုက်မှာ နေနေတဲ့ ကျနော်တို့ စစ်ရှောင်တွေက အများပိုင်းကျတော့ စပါးစိုက်စားတာ၊ ဟင်းတွေဘာတွေ စိုက်စားတာတွေ များတယ်။ ဒီအတိုင်းပဲနေတာ့ အများစုကတော့ ပိုက်ဆံခက်ခဲတာပေါ့။ ဘယ်သူမှ ထောက်ပံ့ပေးတဲ့သူ သိပ်မရှိဘူး။ ပြီးရင် ဒီမှာလည်း ဖြစ်သလိုပဲ ဘာမှ လုပ်စားလို့မရတဲ့ အခါကျတော့ ဒီအတိုင်းပဲနေနေတာ၊ အခက်အခဲတွေ အများကြီးရှိတာပေါ့။ ကျနော်တို့ဘက်ကတော့ တဲအိမ်တွေကို မိုးကာတွေနဲ့မိုးပြီးမှ နေထိုင်နေကြတယ်။ ထောက်ပံ့ပေးမယ့်သူတွေလည်း သိပ်မရှိတော့ အိမ်တွေလည်း ဘယ်သူမှ မဆောက်ပေးနိုင်ကြတော့ မိုးကာနဲ့ပဲ ဖြစ်သလိုနေနေတဲ့ အနေအထားပေါ့။”

ဗန်းမော်စစ်ရှောင်ပြည်သူတွေဟာ ဗန်းမော်မြို့အနောက်ဘက် ဧရာ၀တီမြစ်တဖက်ကမ်းကူးပြီး ရွှေကူ၊ ကသာ၊ မန္တလေးဘက် ဆင်းကြတဲ့သူတွေနဲ့ မြစ်ကြီးနားဘက် တက်သွားတဲ့သူတွေလည်း ရှိခဲ့ပေမဲ့ အများစုကတော့ ဗန်းမော်မြို့အနီးတဝိုက်မှာ တိမ်းရှောင်နေကြတာလို့ သိရပါတယ်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် လူသားချင်းစာနာထောက်ထားမှု ပေးအပ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း စစ်ရှောင်တွေအတွက် လိုအပ်တဲ့အကူအညီကို လုံလောက်စွာ ထောက်ပံ့ဖို့ အခက်အခဲ ကြုံတွေ့နေရတာကြောင့် စစ်ရှောင်ပြည်သူတွေမှာ အကူအညီ အထောက်အပံ့တွေ မရရှိသလောက် ဖြစ်နေကြပါတယ်။

“ထောက်ပံမှုတွေက ပုံမှန်ရတာမျိုး မရှိပါဘူး။ တခါတလေ ကြုံတဲ့အခါမျိုးပေါ့။ တခါတလေကျတော့ ၃ လလောက်နေတော့ တခါရတယ်။ ၄ လလောက်ကြာမှ တခါရတယ်။ အဲလိုမျိုး တခါတလေမှ ရတာပေါ့။ ပြောရမယ်ဆိုရင်တော့ ဒီဘက်ကကျတော့ စစ်ဘက်နဲ့ ဗန်းမော်ဘက်နဲ့ နည်းနည်းနီးတဲ့နေရာဆိုတော့ ကူညီတဲ့အသင်းတွေလည်း လာလို့က အဆင်မပြေတဲ့ အခြေအနေမျိုး ဖြစ်နေတဲ့အခါကျတော့ လာဖို့ခက်ခဲတော့ ထောက်ပံ့မှုတွေက တခါတလေ သူတို့ရောက်လာတဲ့အချိန်က ၂ လ ၃ လ အဲလိုမျိုးအချိန်ပဲ ရတာပေါ့။ ဒီဘက်ကျတော့ တောတောင်တွေဆိုရင်တော့ စပါးတွေစိုက်စားတာတော့ ရှိတော့ရှိပါတယ်။ ဒါပေမဲ့ အကုန်လုံးက မစိုက်စားနိုင်ဘူး။ အလုပ်အကိုင်ကျတော့လည်း စားဝတ်နေရေးအတွက်က ဒီနေ့လုပ် ဒီနေ့စား ဒီနေ့ရှာ အဲမျိုးပဲ ပိုများတာပေါ့။”

ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ လက်ရှိအချိန်ထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ရဲ့ ၉၀ ရာခိုင်နှုန်း ပျက်စီးသွားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ရေကြောင်းကနေ အင်အားတွေ အမြောက်အမြား ပို့ဆောင်နိုင်ခဲ့ပြီးနောက် နှစ်ဖက်တပ် ရှေ့မတိုးသာ နောက်မဆုတ်သာ အနေအထားမှာ ရှိနေပြီး ဗန်းမော်စစ်ရှောင်တွေရဲ့ နေရပ်ပြန်နိုင်ရေးက အလှမ်းဝေးနေပါသေးတယ်။

စစ်ရှောင်ပြည်သူတယောက်က “အခုတလောက တိုက်ပွဲပိုပြင်းထန်လာတယ်။ အစပိုင်းကျတော့ သိပ်တောင် မကြားရဘူး၊ အခုက နေ့ရောညရော အမြဲတမ်း ပစ်သံတွေ ခနခနကြားနေရတယ်။ လေယာဉ်တွေလည်း လာတယ်။ ပစ်သံတွေက အမြဲတမ်းကြားနေရတာပေါ့” လို့ ပြောပါတယ်။

ဗန်းမော်မြို့ခံပြည်သူအများစုက KIO ဌာနချုပ်နယ်မြေနဲ့ မိုင်းခေါင်၊ ဟန်ထက်၊ မြလယ်၊ ဒေါ့ဖုန်းယန်၊ ကုန်းလော၊ ကောင်ဂျာ၊ အောင်သာယာ စတဲ့ကျေးရွာတွေထဲ တိမ်းရှောင်ခိုလှုံနေကြရပြီး အများစုက စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။

ဗန်းမော်စစ်ရှောင်တွေထဲက ဗန်းမော်အနောက်ဘက် ဧရာဝတီမြစ်တဖက်ကမ်း KIA တပ်မဟာ ၈ နယ်မြေထဲ တိမ်းရှောင်ခိုလှုံနေတဲ့ စစ်ရှောင် ၃,၀၀၀ ကျော်ရှိပြီး နေရာထိုင်ခင်းနဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုင်လကတည်းက ကချင်တပြည်နယ်လုံးကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် ဆက်သွယ်ရေး အခက်အခဲတွေကြောင့် စစ်ရှောင်မိသားစုတချို့မှာ ပြန်လည်တွေ့ဆုံဖို့အထိ ခက်ခဲနေကြသေးတယ်လို့ စစ်ရှောင်တချို့က ပြောပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၄ ရက်ကနေ ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဝက်ပိုင်း ဇွန်လဝန်းကျင်အထိ ဗန်းမော်မြို့အတွက် အရေးပါတဲ့ မြို့တွင်းနေရာနဲ့ စစ်တပ်နေရာတချို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ရေးအသာစီးရရှိခဲ့ပါတယ်။

ဒါပေမဲ့ ဇူလိုင်လကနေ  စစ်တပ်က စစ်အင်အားအပြင် စစ်လက်နက်၊ ရိက္ခာတွေတင်တဲ့ စစ်သင်္ဘော အစီး ၂၀ ကျော်ကို မန္တလေးဘက်က သယ်ယူပြီး စစ်အင်အားစုဆောင်းကာ တကျော့ပြန် တန်ပြန်ထိုးစစ် ဆင်နွှဲခဲ့ပြီးနောက် စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်မှာ ၂၀၂၅ နှစ်စပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တဲ့ အမှတ် ၅၀၁၄ တင့်ကားတပ်၊ အမတ ၃၆၆ အမြောက်တပ်ရင်း၊ ခလရ ၂၃၆ နဲ့ ရှေ့တန်းကာကင်းတပ်စခန်းတချို့ကို လက်လွှတ်လိုက်ရပါတယ်။

ဟန်န

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013