DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ရွေးကောက်ပွဲရှုံးမှာကို စိုးရိမ်ပြီး ရွေးကာဥပဒေဖြင့် ဖမ်းဆီးနေဟု သုံးသပ်  
DVB
·
December 19, 2025
စစ်ကောင်စီက ရွေးကောက်ပွဲရှုံးမှာကို စိုးရိမ်ပြီး ရွေးကာဥပဒေဖြင့် ဖမ်းဆီးနေဟု သုံးသပ်  
Donate to DVB

စစ်ကောင်စီက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို  အကြောင်းပြပြီး ပြည်သူတွေကို ဖမ်းဆီးနေတာဟာ ပြိုင်ဘက်မရှိတဲ့ သူတို့ ရွေးကောက်ပွဲကို ရှုံးမှာ စိုးရိမ်နေတာကြောင့် ဖြစ်တယ်လို့ ဥပဒေပညာရှင် တယောက်က ပြောပါတယ်။

ဥပဒေပညာရှင်တယောက်က “ဒါကကြောက်လန့်အောင် ခြောက်တာပေါ့လေ။ ဒီရွေးကောက်ပွဲကြီးက သူတို့အတွက် သေရေးရှင်ရေးဖြစ်နေတာပေါ့လေ။ ပြည်သူက‌တော့ ကိုယ့်အတွက် လုပ်တာမဟုတ်တော့ စိတ်ထဲရှိတောင်မရှိဘူး၊ သူတို့အတွက် သေရေးရှင်ရေး ဖြစ်နေတာပေါ့။ အဲ့တော့ သူတို့အတွက် သူတို့ကျင်းပတဲ့ ရွေးကောက်ပွဲကို ကာကွယ်တာပေါ့နော်” လို့ပြောပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲ ဥပဒေကို ပြဋ္ဌာန်းပြီး ၄ လ အတွင်း ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေနဲ့ ပြည်သူ ၂၂၉ ယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဒီဇင်ဘာ ၁၆ ရက်က ကျင်းပတဲ့ ဗဟိုကော်မတီအ စည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုနယ်မြေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာ အဲ့ဒီဥပဒေအရ ဖမ်းဆီးအရေးယူဆောင်ရွက်မှု ၁၄၀ မှာ အမျိုးသား ၂၀၁ ယောက်နဲ့ အမျိုးသမီး ၂၈ ယောက်  စုစုပေါင်း ၂၂၉ ယောက် ရှိတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ပြောကြားလိုက်တာပါ။

စစ်ကောင်စီက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေး ရေးဥပဒေကို ဇူလိုင်လ ၂၉ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်ပြီးတဲ့နောက် အခုဒီဇင်ဘာ ၁၅ ရက်နေ့အထိ လူပေါင်း ၂၀၀ ကျော် ဖမ်းဆီးအရေးယူခံထားရတာဖြစ်ပါတယ်။ 

လက်ရှိ ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးခံထားရသူတွေကိုလည်း ရွေးကောက်ပွဲ ကျင်းပပြီး၊ လွှတ်တော်ခေါ် အစိုးရဖွဲ့ပြီးနောက် ၆ လလောက်အကြာမှာ ပြန်လွှတ်ပေးနိုင်တယ်လို့ ဥပဒေသပညာရှင်က သုံးသပ်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရွေးကောက်ပွဲဆန့်ကျင်ကြောင်း စာသားပါတဲ့ စတစ်ကာတွေကို လှိုင်သာယာမြို့နယ်အတွင်းမှာ လိုက်လံကပ်ခဲ့တာကြောင့် ပုဒ်မ ၂၃(က) နဲ့ အမှုဖွင့် အရေးယူခံခဲ့ရတဲ့ ကိုရန်နိုင်ကြည်ဝင်းနဲ့ ကိုအောင်ရဲထွဋ် တို့ကို  နိုဝင်ဘာလအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ တရားရေးကနေ  ထောင်ဒဏ် ၄၉ နှစ်နဲ့ မယမင်းသက်ကိုတော့ ထောင်ဒဏ် ၄၂ နှစ် အသီးသီး ချမှတ်လိုက်ပါတယ်။ 

သူ့သူငယ်ချင်းတွေ ဖမ်းဆီးခံရသလို တခြားသော လူမှုကွန်ရက်မှာ မှက်ချက်ရေးသူတွေနဲ့ သူတို့ဖမ်းဆီးချင်သူတွေကိုပါ ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေပြဋ္ဌာန်းပြီး ဖမ်းဆီးနေသူတဲ့အတွက် ပြည်သူတွေက ကြောက်လန့်နေသလို တဖက်မှာလည်း မဲပေးဖို့ကို ရှောင်ရှားဖို့ ကြိုးစားနေတယ်လို့ ဖမ်းဆီးခံထားရသူတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့ ရန်ကုန်မြို့ခံက “ရွေးကောက်ပွဲကို နည်းအမျိုးမျိုးနဲ့ ရှောင်ရှားကြတယ်။ တဖက်က ဖိအားပေးနေလည်း ရွေးကောက်ပွဲ ဥပဒေနဲ့ စွပ်စွဲမခံရအောင် သူတို့နေထိုင်ကြတာ။ အခုက Like ကလေးပေးရုံ၊ comment ကလေး ပေးရုံနဲ့ သူတို့က ပြဿနာရှာနေတော့ ပြည်သူတွေက သိတယ်။ ဒါပေမဲ့ React မလုပ်ဘူး၊ ဒါပေမဲ့ အသံတိတ်သပိတ်တုန်းကလို ဝုန်းဆိုပြီးတော့ မထင်မှတ်ထားတဲ့ အချိန်ကျမှ ရွေးကောက်ပွဲကိုလည်း ပြည်သူတွေက နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်ကြလိမ့်မယ်လို့ ယူဆတယ်ဗျ” လို့ ပြောပါတယ်။

DVB က ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရတော့ စစ်ကောင်စီက ပြည်သူ ၃၀၅ ယောက်ကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးထားပြီး အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ သေဒဏ်အထိ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ထားပါတယ်။ 

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013