
TikTok ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ဟာ အမေရိကန်နဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ ပါဝင်တဲ့ အစုအဖွဲ့ကို အမေရိကန်နိုင်ငံတွင်းက သူတို့ပိုင်ဆိုင်မှု စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ရောင်းချဖို့ စာချုပ်တွေ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန်မှာ သုံးစွဲခွင့် ပိတ်ပင်ခံရမဲ့ အရေးက ရှောင်လွှဲနိုင်ရေးအတွက် အခုလို ရောင်းချနိုင်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကိုယ်တိုင် ကြားဝင်ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။
လက်မှတ်ထိုးလိုက်နိုင်ပြီဆိုတာကို TikTok စီအီးအို ရှိုဇီချူးက သူ့ဝန်ထမ်းတွေကို ဒီဇင်ဘာ ၁၈ ရက်မှာ အသိပေးခဲ့တာ ဖြစ်ပါတယ်။ လုပ်ငန်းလွှဲပြောင်းမှုတွေကတော့ လာမဲ့နှစ် ဇန်နဝါရီ ၂၂ ရက်နေ့မှာ အပြီးသတ်မှာဖြစ်ပါတယ်။
အသစ်ဖွဲ့စည်းမဲ့ TikTok USDS ကုမ္ပဏီမှာ Oracle၊ Silver Lake နဲ့ MGX ရင်းနှီးမြှုပ်နှံမှု အုပ်စုတွေက အစုရှယ်ယာ ၄၅ ရာခိုင်နှုန်းကို ပူးပေါင်းပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။
ကျန်ရှိတဲ့ ရှယ်ယာတွေထဲက ၃၀ ရာခိုင်နှုန်းကျော်ကို လက်ရှိ ရင်းနှီးမြှုပ်နှံသူတွေက ဆက်လက်ပိုင်ဆိုင်ထားမှာဖြစ်ပြီး ByteDance ကတော့ ရှယ်ယာ ၁၉ ဒသမ ၉ ရာခိုင်နှုန်းပဲ ဆက်လက်ထိန်းသိမ်းထားတော့မှာပါ။
ဒီသဘောတူညီချက်ကြောင့် အမေရိကန်နိုင်ငံက TikTok သုံးစွဲသူ သန်း ၁၇၀ ကျော်ဟာ ကမ္ဘာလုံးဆိုင်ရာ လူမှုအသိုက်အဝန်းရဲ့ အစိတ်အပိုင်းတခုအဖြစ် အခွင့်အလမ်းသစ်တွေကို ဆက်လက်ရှာဖွေနိုင်တော့မှာပါလို့ TikTok ဘက်က ထုတ်ပြန်ပါတယ်။
အရင်က TikTok ရဲ့ အယ်လ်ဂိုရစ်သမ် လည်ပတ်ပုံစနစ်ကြောင့် အမျိုးသားလုံခြုံရေးအပေါ် စိုးရိမ်မှုတွေ ရှိခဲ့ပေမဲ့ အခုသဘောတူညီချက်အရ အဲဒီစနစ်ကို အမေရိကန် အချက်အလက်တွေနဲ့ပဲ ပြန်လည်ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီသဘောတူညီချက်ဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှုအတွက် အာမခံချက် ရှိ၊ မရှိ ဆိုတာ စိုးရိမ်စရာရှိနေသေးကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ရွန် ဝိုင်ဒန်က ဝေဖန်ထားပါတယ်။
လက်ရှိမှာတော့ အမေရိကန်က အသေးစားစီးပွားရေးလုပ်ငန်း ၇ သန်းကျော်ဟာ သူတို့ရဲ့ ကုန်ပစ္စည်းတွေ ဈေးကွက်တင်ရောင်းချဖို့ TikTok ကို အဓိက အသုံးပြုနေကြတာ ဖြစ်ပါတယ်။
Source: Reuters








