
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်မှာ သားဖြစ်သူ ပေါ်တာဆွဲခံရပြီး စစ်ထဲပါသွားလို့ Tik Tok လူမှုကွန်ရက်ကနေ ဗီဒီယိုတင်ပြီး အကူအညီတောင်းခံခဲ့တဲ့ အမျိုးသမီး တယောက်ကို စစ်အာဏာရှင်တပ်က ခေါ်စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂ ရက်က လယ်ဝေးမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ နယ်မြေ ၁၀၊ မြွေကြီးရိုးတာဘောင်ဘေးမှာ နေထိုင်တဲ့ ဒေါ်ခင်ဌေးမြင့်က သူ့ရဲ့သားဖြစ်သူ မောင်ငြိမ်းချမ်းဝင်းကို စစ်အာဏာရှင်တပ်မှ ဗိုလ်မှူးမင်းအောင်က ပေါ်တာဆွဲဖမ်းဆီးပြီး စစ်ထဲထည့်လိုက်တာနဲ့ ပတ်သက်လို့ သူ့ရဲ့ Tik tok အကောင့်ကနေ အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။
“ကျမမှာ သားလေး ၃ ယောက် မွေးထားတာပါ။ သား ၂ ယောက်က စစ်သား၊ သားတယောက်က အခုလက်ရှိ ကျမကိုလုပ်ကျွေးနေတာပါ။ အဲဒီကလေးကို ၂၀၃၀ တပ်က ဗိုလ်မှူးအောင်မင်း ကိုယ်တိုင်ခေါ်ပြီးတော့ ပြည်သူ့စစ်ထဲ ထည့်လိုက်ပါတယ်။ ပေါ်တာထဲလာဆွဲသွားပါတယ်။ ကျမ ဘယ်လိုလုပ်ရမှန်းမသိလို့ ကူညီကြပါဦး” လို့ ဒေါ်ခင်ဌေးမြင့်က ပြောဆို အကူအညီတောင်းခဲ့တာပါ။
ပေါ်တာဆွဲခံရတဲ့ မောင်ငြိမ်းချမ်းဝင်းရဲ့ ဇနီးဖြစ်သူဟာလည်း ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေတာကြောင့် ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ဗိုလ်မှူး ဆိုသူက ဒေါ်ခင်ဌေးမြင့်နဲ့ ချွေးမတို့ကို သေနတ်နဲ့ ပစ်သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်ခင်ဌေးမြင့်က “အမေတွေ၊ သားသမီးရှိတဲ့လူတွေ၊ သားတွေ မွေးထားတဲ့ အမျိုးသမီးတွေများ ကိုယ့်သားကို လိမ္မာပါးနပ်စွာ ဝှက်ထားကြပါ။ စစ်တပ်က မတရားလုပ်နေပါတယ်။ ကူညီကြပါဦး” လို့လည်း ပြောပါတယ်။
လယ်ဝေးမြို့နယ်မှာ ၃၀၂၀ တပ် မရှိဘဲ အမှတ် ၃၀၂၁ လေကြောင်း အရန်ကာကွယ်ရေး တပ်ရင်းပဲ ရှိပြီး ဗိုလ်မှူးမင်းအောင်ဟာ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဖြစ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးရာမှာ နာမည်ကြီးသူလို့ Non CDM ဝန်ထမ်းတယောက်က ပြောပါတယ်။
“၃၀၂၁ တပ်ရင်းဆိုတာ လေကြောင်းအရန်ကာကွယ်တပ်ရင်းပါ။ အဲဒီက ဒုတပ်ရင်းမှူးက ဗိုလ်မှူးမင်းအောင်၊ သူက စစ်မှုထမ်းကိစ္စနဲ့ နာမည်အရမ်းထွက်နေတဲ့သူ၊ အဲဲဒီဗီဒီယိုဖိုင်တင်ပြီး ဒေါ်ခင်ဌေးမြင့်တို့ကို စစ်ဆေးတယ်လို့ ကြားတယ်။”
မြန်မာနိုင်ငံတဝန်း စစ်အာဏာရှင်တပ်နဲ့ အပေါင်းအပါတွေဟာ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး လူငယ်တွေကို နည်းမျိုးစုံနဲ့ ပေါ်တာဆွဲဖမ်းဆီးနေပေမဲ့ စစ်တပ်ဘက်က အခုချိန်ထိ ဝန်ခံခြင်းမရှိပေ။
စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်အာဏာရှင်မင်းအောင်လှိုင်က ပြန်လည် အသက်သွင်းခဲ့ပြီး မတ် ၂၈ ရက်မှာ စစ်မှုထမ်းအပါတ်စဥ် ၁ ကို စတင်ခေါ်ယူခဲ့တာမှာ အခုဆို စစ်မှုထမ်းအပတ်စဥ် ၂၈ ကိုရောက်ရှိလာပြီ ဖြစ်ပါတယ်။











