
ကားမောင်းရင်း Tik Tok ရိုက်တဲ့ ခရီးသည်တင်ယာဉ်မောင်းကို အမြန်လမ်းရဲတပ်ဖွဲ့ဆီ တိုင်ကြားထားပြီး သူမောင်းတဲ့ကားကိုလည်း အမြန်လမ်းသုံးခွင့် ပိတ်လိုက်တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
Telematics စနစ်တပ်ဆင်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းကို ဖြတ်သန်းအသုံးပြုနေတဲ့ ရွှေလင်းယုန် ယာဉ်လိုင်းအဖွဲ့ဝင် ရန်ကုန်-မော်လမြိုင် ခရီးသည်တင်ကားတစီးရဲ့ ယာဉ်မောင်းဟာ အမြန်လမ်းပေါ်မှာ မောင်းနှင်နေတုန်း Tik Tok သုံးပြီး တေးသရုပ်ဖော် ဗွီဒီယို ရိုက်ကူး live လွှင့်တာ၊ ပို့စ်တင်တာကို အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကားမောင်းနေတုန်း Tik Tok ရိုက်ကူးတာဟာ ခရီးသည်တွေရဲ့ အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ အလွန်ဆင်ခြင်မှုကင်းမဲ့တဲ့ အပြုအမူဖြစ်လို့ မလုပ်သင့်ဘူးဆိုတာကို အများပြည်သူက သူ့ဗွီဒီယိုတွေမှာ မှတ်ချက်ရေးတဲ့အခါ ပို့စ်ပိုင်ရှင်ယာဉ်မောင်းက လက်မခံဘဲ အလွန်ရိုင်းရိုင်းပြပြ တုန့်ပြန်ရေးသားခဲ့တယ်လို့ ဆိုပါတယ်။
ဒီပြုမူဆောင်ရွက်မှုတွေဟာ အမြန်လမ်းမကြီးသုံးစွဲတဲ့ ခရီးသွားပြည်သူအားလုံးအတွက် အင်မတန် အန္တရာယ်ကြီးတဲ့ကိစ္စဖြစ်လို့ သူမောင်းတဲ့ကားကို Telematic ကတ် ဖြုတ်သိမ်းပြီး အမြန်လမ်းအသုံးပြုခွင့် ပိတ်သိမ်းတာ၊ အခုလို ထပ်ဖြစ်ရင် ရွှေလင်းယုန်ယာဉ်လိုင်းတခုလုံးကို အမြန်လမ်းသုံးစွဲခွင့် ပိတ်သိမ်းအရေးယူမဲ့အကြောင်း ပြင်းပြင်းထန်ထန် သတိပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးတော့ စည်းကမ်းမလိုက်နာသူ ယာဉ်မောင်းကိုလည်း တရားဥပဒေအရ ဆက်လက်အရေးယူဖို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဆီကို တိုင်ကြားခဲ့တယ်လို့လည်း ဆိုပါတယ်။










