DVB Logo
Home
မြန်မာသတင်း
ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်သူများကို ဘင်္ဂလားဒေ့ရှ်ရေတပ်နှင့် AA တို့ ဖမ်းဆီးနေ
DVB
·
December 19, 2025
ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်သူများကို ဘင်္ဂလားဒေ့ရှ်ရေတပ်နှင့် AA တို့ ဖမ်းဆီးနေ
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ဟာ နှစ်ဖက်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်သူတွေကို အပြန်အလှန် ဖမ်းဆီးနေတယ်လို့ မောင်တောဒေသခံတွေဆီက သိရပါတယ်။

ရခိုင်ရေပိုင်နက်အတွင်း ခိုးဝင်ပြီး ငါးဖမ်းခဲ့ကြတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၉ ယောက်ပါတဲ့ စက်လှေ ၂ စင်းကို AA နယ်ခြားစောင့်တပ်က ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းက မောင်တောမြို့နယ် အလယ်သံကျော်ကမ်းစပ်မှာ ဖမ်းဆီးခဲ့တယ်လို့ ကျောက်ပန္ဒူကျေးရွာသားတယောက်က ပြောပါတယ်။

“အလယ်သံကျော်ကမ်းခြေမှာ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၉ ဦးကို စက်လှေ ၂ စင်းနဲ့အတူ ကမ်းခြေစောင့်တပ်က ဖမ်းဆီးထားတာရှိတယ်။ သူတို့က ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ပြီးတော့ ငါးဖမ်းနေကြတာမှာ ကမ်းခြေစောင့်တပ်က ဖမ်းဆီးလိုက်တာ။ ဘင်္ဂလားက ငါးဖမ်းစက်လှေတွေဟာ လစ်ရင်လစ်သလို ရခိုင်ရေပိုင်နက်ထဲကို ကျော်ပြီး ငါးခိုးဖမ်းကြတာဖြစ်ပြီး ကမ်းခြေစောင့်တပ် ကမ်းလှည့်ချိန်နဲ့ တိုးရင် ဖမ်းဆီးခံကြရတာပဲ။ သူတို့က ငါးဖမ်းရင် အေးဆေးဖမ်းကြတာမဟုတ်၊ ရခိုင်က ငါးဖမ်းသမားတွေကိုလည်း အုပ်စုဖွဲ့ပြီး အနိုင်ကျင့်ကြတာတွေ ရှိတယ်။”

ရခိုင်ရေပိုင်နက်အတွင်း ခိုးဝင်တဲ့ ငါးဖမ်းသမားတွေကို အာရက္ခတပ်တော်က ရာနဲ့ချီပြီး ဖမ်းဆီးထားတာရှိပြီး တရားမဝင် ငါးခိုးဖမ်းမှုနဲ့ အရေးယူထားတာတွေရှိတယ်လို့ ကမ်းခြေစောင့်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရခိုင်ပြည်နယ်ကို ဆောက်လုပ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ စက်လှေ ၂ စင်းကိုလည်း ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းဆီးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းတွေက ရေးကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်းကနေ ဘိလပ်မြေအိတ်တွေ တင်ဆောင်ပြီး ရခိုင်ပြည်နယ်ကို ကူးလာတဲ့ စက်လှေ ၂ စင်းကို ဘင်္ဂလားဒေ့ရှ် ရေတပ်သင်္ဘော Shahid Mouhibullah က ဖမ်းဆီးလိုက်တာဖြစ်ပြီး စက်လှေပေါ်မှာ ပါလာတဲ့ လူ ၂၃ ယောက်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အခုဖမ်းဆီးခံလိုက်ရတဲ့ စက်လှေဟာ ဘိလပ်မြေ ၁,၇၅၀ အိတ်ကို တရားမဝင် တင်ဆောင်လာတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ရေတပ်နဲ့ နယ်ခြားစောင့်တပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ရခိုင်ပြည်နယ်ကို ကုန်စည်ပို့ဆောင်နေမှုတွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးနေကြတာလည်း ဖြစ်ပါတယ်။

မောင်တောမြို့နယ်က မွတ်ဆလင်အမျိုးသားတယောက်က “ရခိုင်ဘက်ကလည်း ငါးခိုးဖမ်းသူတွေကို ဖမ်းဆီးမှုတွေရှိသလို ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ရခိုင်ကို တင်ပို့မဲ့ ကုန်စည်တိုင်းကို အပြန်အလှန် ဖမ်းဆီးကြတာမျိုး ရှိကြတယ်။ အရင်တုန်းကတော့ နှစ်ဘက် အပြန်အလှန် နားလည်မှု အနည်းငယ်ရှိကြပေမဲ့ အခုတော့ ဖမ်းဆီးမှုတွေက ပိုမိုစိပ်လာတယ်” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ အာရက္ခတပ်တော်တို့အကြား မွတ်ဆလင်လက်နက်ကိုင်တွေကို ထောက်ပံ့တာ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ပြုလုပ်နေကြတယ်လို့ အပြန်အလှန် စွပ်စွဲမှုတွေနဲ့ ဆက်ဆံရေးတင်းမာနေကြတာဖြစ်ပြီး နှစ်ဖက် အပြန်အလှန် ဖမ်းဆီးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013