DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု၏ အွန်လိုင်းပေါ် ဝါဒဖြန့်အကောင့်များ ဖယ်ရှားခံရ 
DVB
·
December 19, 2025
စစ်အုပ်စု၏ အွန်လိုင်းပေါ် ဝါဒဖြန့်အကောင့်များ ဖယ်ရှားခံရ 
Donate to DVB

စစ်ကောင်စီရဲ့ အွန်လိုင်းပေါ် ဝါဒဖြန့်ချိရာမှာ သုံးနေတဲ့ အကောင့်တွေကို Facebook၊ YouTube Twitch၊ နဲ့ MediaFire တို့ကနေ ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar ရဲ့ ဒီဇင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်အုပ်စုပြန်ကြားရေးဝန်ကြီးဌာနနဲ့ စစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဌာန တို့က ကြီးကြပ်အသုံးပြုနေတဲ့ ဝါဒဖြန့်ချိရေးအကောင့်တွေအတွက် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ဆက်ပေးနေတဲ့အပေါ် အဲဒီနည်းပညာကုမ္ပဏီတွေဆီ စာရေးသားပေးပို့ပြီး ဒဏ်ခတ်ပိတ်ဆို့တာတွေကို လိုက်နာဆောင်ရွက်မှု၊ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေကို မေးခွန်းထုတ်ပြီးနောက် အခုလို ဖြုတ်ချတာဖြစ်ပါတယ်။

Amazon ကုမ္ပဏီပိုင် ဗွီဒီယိုပလက်ဖောင်း Twitch ဟာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) နဲ့ မြန်မာ့ရေဒီယိုလိုင်း ၁၄ ခုကို သူတို့ရဲ့ ဝက်ဘ်ဆိုက်နဲ့ Google၊ Apple App Store တွေမှာရှိတဲ့ သူတို့ရဲ့ မိုဘိုင်း Apps တွေကနေ ဖယ်ရှားခဲ့သလို MITV ဝက်ဘ်ဆိုက်မှာ တွဲထားတဲ့ MITV တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုကိုလည်း ဖယ်ရှားခဲ့ပါတယ်။

MITV၊ MRTV နဲ့ Myanmar Radio အားလုံးကို စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ်လုပ်ကိုင်ပြီး MRTV မြန်မာပရိသတ်တွေအတွက်၊ MITV က နိုင်ငံခြားပရိသတ်တွေ အတွက် ရည်ရွယ်ပြီး အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်နေတာဖြစ်ပါတယ်။

MRTV ဝက်ဘ်ဆိုက်နဲ့ Apps တွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်မှာ အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့ပြီး Twitch အကောင့် ဖယ်ရှားခံရလို့ အကောင့်သစ်တွေနဲ့ တိုက်ရိုက် ရုပ်သံထုတ်လွှင့်နေခဲ့တာပါ။

Facebook ကလည်း MITV စာမျက်နှာကို ဖျက်သိမ်းခဲ့ပြီး Alphabet က ပိုင်ဆိုင်တဲ့ YouTube ကလည်း စစ်အုပ်စု ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အကောင့်တခုကို ဖယ်ရှားခဲ့ပါတယ်။

Facebook နဲ့ ဖိုင်ထိန်းသိမ်းမျှဝေတဲ့ MediaFire ဝက်ဘ်ဆိုက်တို့ဟာ ရတနာပုံသတင်းစာရဲ့ အကောင့်တွေကို ဖျက်သိမ်းခဲ့ပြီး ဒီသတင်းစာကတော့ မြန်မာစစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ ဝါဒဖြန့်ချိရေးဌာနက ကြီးကြပ်ထုတ်ဝေတဲ့ မြဝတီသတင်းစာနဲ့ ဆက်နွှယ်တဲ့ ထုတ်ဝေရေးတခု ဖြစ်ပါတယ်။

Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ဟာ YouTube ကနေ MITV အကောင့်ကို ဖယ်ရှားဖို့ အခုအချိန်ထိ ငြင်းဆိုထားသလို Apple၊ TikTok၊ X (ယခင် Twitter)၊ Telegram၊ Cloudflare နဲ့ ApkPure တို့ဆီကိုလည်း စာတွေရေးသားပေးပို့ခဲ့ပေမဲ့ စစ်တပ်ဝါဒဖြန့်အကောင့်တွေကို အခုအချိန်အထိ မဖယ်ရှားသေးဘူးလို့ Justice For Myanmar က ဆိုပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဝါဒမှိုင်းဖြန့်ချိရေးက စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးမှာ ဒေါက်တိုင်တခုဖြစ်ပြီး နည်းပညာကုမ္ပဏီကြီး တွေကြောင့် စစ်အုပ်စုက ဝါဒဖြန့်ချိရေးတွေ ဆက်လက်ဖြန့်ဖြူးနိုင်တာ ဖြစ်ပါတယ်။ လူသားမျိုးနွယ်အပေါ် အဆိုးရွားဆုံး ရာဇဝတ်မှုတွေကို အပြစ်ပေး အရေးယူခံရခြင်းမရှိဘဲ ကျူးလွန်နေတဲ့ ရာဇဝတ်စစ်အုပ်စုကို နည်းပညာကုမ္ပဏီတွေက သူတို့ပလက်ဖောင်းတွေ၊ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ ဆက်လက်ပေးအပ်နေတယ်ဆိုတာက လက်ခံနိုင်ဖွယ်မရှိပါဘူး” လို့ ပြောပါတယ်။

မြန်မာစစ်အုပ်စုဟာ နိုင်ငံတော်ပိုင်မီဒီယာတွေနဲ့ ဝါဒဖြန့်ချိရေး ရုပ်သံလိုင်းတွေကို သုံးပြီး ရိုဟင်ဂျာတွေအပေါ် အမုန်းစကားတွေ ဖြန့်ဝေတာ၊ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ သွေးထိုးလှုံ့ဆော်တာ၊ အတုအယောင်ရွေးကောက်ပွဲအကြောင်း အပါအဝင် သတင်းလိမ်၊ သတင်းမှားတွေ ဖြန့်ဝေတဲ့ မကောင်းတဲ့ သမိုင်းမှတ်တမ်းအရှည်ကြီး ရှိထားတယ်လို့ Justice For Myanmar က ဆိုပါတယ်။

မရတနာမောင်က “စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်စစ်ဆင်ရေးကို အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ ဝါဒမှိုင်းဖြန့်ချိနိုင်ဖို့အတွက် ဒီနည်းပညာပလက်ဖောင်းတွေကို အသုံးပြုနေတာပါ။ အဲဒီကုမ္ပဏီတွေအနေနဲ့ အရေးယူမှုတွေကို အခုကပဲ စတင်လုပ်ဆောင်ဖို့နဲ့ မြန်မာစစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေကို ဖျက်သိမ်းပစ်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက လူ့အခွင့်အရေးကို မြှင့်တင်ထိန်းသိမ်းပြီး သုံးစွဲသူတွေကို ကာကွယ်ရာရောက်မှာဖြစ်သလို နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အပြည့်အဝ လိုက်နာရာရောက်မှာလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

နည်းပညာကုမ္ပဏီအားလုံးအနေနဲ့ ဖော်ထုတ်တွေ့ရှိထားတဲ့ စစ်အုပ်စု ဝါဒမှိုင်းဖြန့် အကောင့်တွေကို ဖြုတ်ချဖို့နဲ့ သူတို့ပလက်ဖောင်းတွေကို စစ်အုပ်စုသုံးနေတာကနေ ပိတ်ပင်ဖို့ Justice For Myanmar က တိုက်တွန်းထားပါတယ်။

လက်ရှိမှာ စစ်တပ်ထောက်ခံသူတွေနဲ့ ဝါဒဖြန့်သူတွေဟာ Facebook အပြင် TikTok နဲ့ Telegram တို့ကို တွင်တွင်ကျယ်ကျယ် သုံးနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013