
ဒီဗုံးတွေက စက္ကန့်ပိုင်းအတွင်း ကျလာတတ်ပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကြာတဲ့အထိ လူတွေကို သတ်ဖြတ်နိုင်ပါတယ်။ ကလပ်စတာဗုံးတွေကို ၂၀၀၈ ခုနှစ် နိုင်ငံတကာ သဘောတူစာချုပ်အရ တားမြစ်ထားပါတယ်။ ဒါပေမဲ့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ ဒီဗုံးတွေကို ပိုပြီး အသုံးပြုလာကြပါတယ်။ အထူးသဖြင့် စာချုပ်မှာ လက်မှတ်မထိုးထားတဲ့ နိုင်ငံတွေက ပိုသုံးနေကြတာပါ။
မကြာသေးခင်က တဲလ်အဗစ်မြို့ကို ပစ်ခတ်ရာမှာ အီရန်က ဒီဗုံးတွေကို သုံးခဲ့လို့ အသက် ၇၀ အရွယ် ဇနီးမောင်နှံ သေဆုံးခဲ့ရပါတယ်။ အီရန်အပြင် အစ္စရေးကိုယ်တိုင်ကလည်း ဒီစာချုပ်မှာ လက်မှတ်မထိုးထားပါဘူး။ အစ္စရေးဟာ လက်ဘနွန်လိုမျိုး မကြာသေးခင်က ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေမှာ ဒီဗုံးတွေကို အသုံးပြုခဲ့ဖူးပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ အသက်ဝင်ခဲ့တဲ့ ဒီတားမြစ်စာချုပ်မှာ လက်မှတ်မထိုးထားတဲ့ နိုင်ငံတွေ အများကြီးရှိပါသေးတယ်။ ထင်ရှားတဲ့နိုင်ငံတွေကတော့ အမေရိကန်၊ ရုရှား၊ ယူကရိန်း၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗျ၊ ယူအေအီး နဲ့ အခြား ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေ၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ အီဂျစ်နဲ့ တူရကီ တို့ပဲ ဖြစ်ပါတယ်။
ဒီနိုင်ငံတွေက ကလပ်စတာဗုံးတွေကို ဆက်သုံးနေကြတဲ့အတွက် "နိုင်ငံတကာဥပဒေဆိုတာ အသုံးမဝင်တော့ဘူး" ဆိုတဲ့ ယုံကြည်ချက်တွေ ပိုပြီး ကျယ်ပြန့်လာစေပါတယ်။
၂၀၀၈ ခုနှစ် ကလပ်စတာဗုံး တားမြစ်ရေးစာချုပ်ဟာ ဒီလက်နက်တွေကို အသုံးပြုတာ၊ ထုတ်လုပ်တာ၊ လွှဲပြောင်းတာနဲ့ သိုလှောင်တာတွေကို တားမြစ်ထားပါတယ်။ ဒါ့အပြင် ကျန်ရစ်ခဲ့တဲ့ ဗုံးအကြွင်းအကျန်တွေကို ရှင်းလင်းဖို့၊ ထိခိုက်ခံရသူတွေ၊ ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေနဲ့ သက်ဆိုင်ရာ အသိုက်အဝန်းတွေကို ကူညီထောက်ပံ့ဖို့လည်း ပြဋ္ဌာန်းထားပါတယ်။
စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံပေါင်း ၄၀ ကျော်ကတော့ သူတို့ဆီမှာ သိုလှောင်ထားတဲ့ ဗုံးတွေ ၁၀၀ ရာခိုင်နှုန်းကို ဖျက်ဆီးပစ်ခဲ့ကြပါပြီ။ ကလပ်စတာဗုံး အလုံးရေ ၁ သန်းခွဲနီးပါးနဲ့ ဗုံးသီးငယ်ပေါင်း ၁၇၉ သန်းကို ဖျက်ဆီးခဲ့ကြတာပါ။ ပီရူးနိုင်ငံဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ သူတို့ရဲ့ လက်နက်တိုက်တွေကို အပြီးသတ်ဖျက်ဆီးနိုင်ခဲ့တဲ့ နောက်ဆုံးနိုင်ငံ ဖြစ်လာပါတယ်။
ကလပ်စတာဗုံးတွေကို ဧရိယာကျယ်ကြီးထဲမှာ ပေါက်ကွဲစေနိုင်တဲ့ ဗုံးသီးငယ်လေးတွေ ဒါဇင်နဲ့ချီ ပြန့်ကျဲသွားအောင် ဖန်တီးထားတာပါ။ ပစ်မှတ်များစွာကို တပြိုင်နက်တည်း ထိမှန်စေပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အဆိုးရွားဆုံး အန္တရာယ်က စစ်ပွဲပြီးသွားတဲ့ အချိန်အကြာကြီးမှာမှ ပေါ်လာတတ်တာပါ။ မပေါက်ကွဲသေးဘဲ ကျန်နေခဲ့တဲ့ ဗုံးသီးတွေကြောင့် လမ်းတွေနဲ့ မြို့တွေဟာ အရပ်သားတွေအတွက် မိုင်းကွင်းကြီးတွေ ဖြစ်သွားတတ်ပါတယ်။
မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ "၂၀၂၅ ခုနှစ် ကလပ်စတာဗုံး စောင့်ကြည့်ရေးအစီရင်ခံစာ" အရ၊ ၂၀၂၄ ခုနှစ် တနှစ်တည်းမှာတင် ဒီလက်နက်တွေကြောင့် အနည်းဆုံး လူ ၃၁၄ ယောက် သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ပါတယ်။ တကယ့် မြေပြင်အရေအတွက်က ဒီထက်ပိုများနိုင်ပါတယ်။ တိုက်ရိုက်ပစ်ခတ်ခံရတာရော၊ မပေါက်ကွဲသေးတဲ့ ဗုံးတွေကြောင့်ပါ ထိခိုက်ရသူတွေရဲ့ ၄၂ ရာခိုင်နှုန်းဟာ ကလေးငယ်တွေ ဖြစ်နေပါတယ်။
အခုအချိန်အထိ သေဆုံးမှုအများဆုံး စံချိန်တင်ထားတာကတော့ ယူကရိန်းနိုင်ငံမှာပါ။ အဲဒီမှာ ရုရှားတပ်တွေ (မြောက်ကိုရီးယားက ဗုံးတွေကိုသုံးပြီး) ရော၊ ယူကရိန်းတပ်တွေကပါ ကလပ်စတာဗုံးတွေကို သုံးခဲ့ကြပါတယ်။ စိုက်ခင်းတွေနဲ့ လူနေရပ်ကွက်တွေမှာ ကျန်နေခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတွေကြောင့် ၂၀၂၃ ခုနှစ် တနှစ်တည်းမှာတင် လူ ၁၁၆ ယောက် သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ပါတယ်။ ရုရှား စတင်ကျူးကျော်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစလို့ အရပ်သား ၁,၂၀၀ ကျော်ဟာ ကလပ်စတာဗုံးတွေကြောင့် တနည်းမဟုတ်တနည်း ထိခိုက်နစ်နာခဲ့ရပါတယ်။
ဒါပေမဲ့ ယူကရိန်းမှာပဲ ဖြစ်နေတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာလည်း မကြာသေးခင်က ဒီလက်နက်တွေကို သုံးခဲ့တယ်လို့ အစီရင်ခံစာက မှတ်တမ်းတင်ထားပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ ကလပ်စတာဗုံးတွေကို အသုံးပြုခဲ့ပါတယ်။ ဆီးရီးယားမှာလည်း ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ပြည်တွင်းစစ်အတွင်း ဒီဗုံးတွေကို သုံးခဲ့လို့၊ အခုအချိန်အထိ အရပ်သားတွေအတွက် အန္တရာယ်ကြီးတခု ဖြစ်နေဆဲပါ။
မကြာသေးခင်က အရှေ့အလယ်ပိုင်း ပဋိပက္ခတွေအရ အစ္စရေးနဲ့ အီရန်တို့ဟာ မြို့ပြဧရိယာတွေထဲအထိ ဗုံးသီးငယ်လေးတွေ ပြန့်ကျဲသွားစေနိုင်တဲ့ ကလပ်စတာထိပ်ဖူးတပ် ဒုံးကျည်တွေကို သုံးနေကြတယ်ဆိုတာ ပေါ်လွင်လာပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လက ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားခဲ့တဲ့ နယ်စပ်ပဋိပက္ခမှာ ကလပ်စတာဗုံးတွေကို အသုံးပြုခဲ့တယ်လို့ ထိုင်းနိုင်ငံဘက်က ဝန်ခံထားပုံရပါတယ်။ အဲဒီ နှစ်နိုင်ငံစလုံးကလည်း တားမြစ်စာချုပ်မှာ လက်မှတ်ထိုးထားတာ မရှိပါဘူး။
ဒီနေ့ခေတ်မှာ နိုင်ငံနဲ့ ဒေသပေါင်း ၂၉ ခုလောက်ဟာ စစ်ပွဲတွေကနေ ကျန်ရစ်ခဲ့တဲ့ ပေါက်ကွဲစေတတ်တဲ့ အကြွင်းအကျန်တွေကြောင့် အဆိပ်သင့်ညစ်ညမ်းနေပါတယ်။ ဒေသခံတွေအတွက်တော့ သေနတ်သံတွေ တိတ်သွားတဲ့အချိန်မှာမှ အသေအပျောက်အများဆုံး ကာလက စတင်တာပါ။ ဘာလို့လဲဆိုတော့ ဗုံးရှင်းလင်းရေး လုပ်ငန်းတွေဟာ အချိန်ကြာတယ်၊ ကုန်ကျစရိတ်များတယ်၊ အန္တရာယ်လည်း အရမ်းများပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီး အချိန်ယူရတတ်ပါတယ်။
ဗီယက်နမ်စစ်ပွဲ ပြီးဆုံးသွားတာ အနှစ် ၅၀ ကျော်ကြာခဲ့ပြီ ဖြစ်ပေမဲ့၊ လာအိုနိုင်ငံဟာ ကမ္ဘာပေါ်မှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေအများဆုံး ရှိနေတဲ့ နိုင်ငံအဖြစ် ရှိနေဆဲပါ။ အာဖဂန်နစ္စတန်နဲ့ ယီမင်နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆ ပေါက်ကွဲမှုဖြစ်စဉ် အများအပြားကို ကြည့်ရင်၊ အရပ်သားတွေဟာ နေ့စဉ်နဲ့အမျှ ပေါက်ကွဲမှု အန္တရာယ်တွေကို ရင်ဆိုင်နေရတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။
မကြာသေးခင်က ဒီဗုံးတွေကို ပြန်လည်မသုံးစွဲခင် အချိန်တွေတုန်းကတောင်၊ ထိခိုက်သေဆုံးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ အရပ်သားတွေ ဖြစ်ခဲ့ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက သူ့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကြောင့်ပါ။
ကလပ်စတာဗုံးတွေဟာ စစ်ရေးပစ်မှတ်နဲ့ အရပ်သားနေထိုင်တဲ့နေရာကို ခွဲခြားမသိနိုင်ပါဘူး။ အဲဒီအစား သူတို့ကို ဧရိယာကျယ်ကျယ်ကို ထိမှန်ဖို့ ဖန်တီးထားတာပါ။ ဒါကြောင့် နေအိမ်တွေ၊ ကျောင်းတွေနဲ့ တခြား အဆောက်အအုံတွေကိုပါ ထိမှန်ပြီး၊ နေ့စဉ်သွားလာနေတဲ့ ပတ်ဝန်းကျင်ကိုပါ ရွေးချယ်မှုမရှိဘဲ သွားရောက် ထိခိုက်စေတာ ဖြစ်ပါတယ်။
"ကလပ်စတာဗုံး စောင့်ကြည့်ရေးအဖွဲ့" ကို မြေမြှုပ်မိုင်းတွေ၊ ကလပ်စတာဗုံးတွေနဲ့ ပတ်သက်ပြီး အစိုးရတွေက ဥပဒေကြောင်းအရ တာဝန်ယူမှုရှိလာစေဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကြိုးပမ်းဖွဲ့စည်းခဲ့တာပါ။ ဒါပေမဲ့ နှစ်တွေကြာလာတာနဲ့အမျှ အဲဒီအဖွဲ့ဟာ စာချုပ်ပါအချက်တွေကို လိုက်နာမှု ရှိ၊ မရှိ စောင့်ကြည့်ပေးတဲ့ အဓိက အဖွဲ့အစည်းတခု ဖြစ်လာပါတယ်။
၂၀၂၄ ခုနှစ်မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေဟာ မိုင်းကွင်း စတုရန်းကီလိုမီတာ ၁၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ မပေါက်ကွဲသေးတဲ့ ဗုံးသီးငယ် အလုံးပေါင်း ၈၃,၄၅၂ လုံးကို ဖျက်ဆီးနိုင်ခဲ့ပြီး ဒါဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အများဆုံး အရေအတွက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ အာဖဂန်နစ္စတန်၊ အီရတ်၊ လက်ဘနွန်၊ တောင်ဆူဒန်၊ ချဒ် နဲ့ ဆိုမာလီယာ လို နိုင်ငံတွေမှာတော့ ရန်ပုံငွေ ကျဆင်းလာတာ၊ ပဋိပက္ခအသစ်တွေ ဖြစ်လာတာတွေကြောင့် ရှင်းလင်းရေးလုပ်ငန်းတွေ တိုးတက်မှုမရှိဘဲ ရပ်တန့်နေပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လက လစ်သူယေးနီးယားနိုင်ငံ နုတ်ထွက်သွားခဲ့တဲ့ "ကလပ်စတာဗုံး တားမြစ်ရေးစာချုပ်" ရဲ့ တတိယအကြိမ်မြောက် သုံးသပ်ဆွေးနွေးပွဲကိုတော့၊ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ ကျင်းပသွားမှာပါ။
(၂၀၂၅ ခုနှစ် စက်တင်ဘာလက ဂျီနီဗာမှာ နောက်ဆုံးကျင်းပခဲ့တဲ့) လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေရဲ့ နှစ်ပတ်လည် အစည်းအဝေးတွေနဲ့ မတူဘဲ၊ အခုလာမဲ့ ထိပ်သီးဆွေးနွေးပွဲမှာတော့ လက်နက်ဖျက်သိမ်းရေးနဲ့ အရပ်သားတွေကို ကာကွယ်ပေးရေး ကိစ္စတွေမှာ ဘယ်လောက် တိုးတက်လာသလဲ၊ ချိုးဖောက်မှုတွေ ရှိနေသလားနဲ့၊ အနာဂတ်မှာ ကြုံရမယ့် စိန်ခေါ်မှုတွေကို အကဲဖြတ် ဆွေးနွေးကြမှာပါ။
လက်ရှိစာချုပ်ရဲ့ သက်တမ်းက ၂၀၂၁ ကနေ ၂၀၂၆ ခုနှစ်အထိ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ကျင်းပမဲ့ ဆွေးနွေးပွဲဟာ အခြေအနေတွေကို ပြန်လည်သုံးသပ်ပြီး၊ စာချုပ်ကို ပိုမိုလိုက်နာလာအောင် အသက်သွင်းရမယ့် အရေးကြီးတဲ့ အချိန်အခါတခု ဖြစ်လာပါလိမ့်မယ်။
Ref: Asia News










