ယူကရိန်းစစ်ပွဲအတွင်း ပြောင်မြောက်စွာ အမှုထမ်းခဲ့လို့ ရုရှားရဲ့ အမြင့်ဆုံး “Hero of Russia” ဘွဲ့တံဆိပ် ရရှိခဲ့တဲ့ ရုရှားဗိုလ်ချုပ်ကြီး အန်တွန် ဂရူးနစ်ဟာ ဆုရရှိပြီး နှစ်ပတ်ကျော်အကြာမှာ ယူကရိန်း ဒရုန်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အရှေ့ပိုင်းစစ်မျက်နှာမှာ သေဆုံးသွားခဲ့တယ်လို့ ယူကရိန်း ဒရုန်းတပ်မှူး ရောဘတ် ဘရော့ဗ်ဒီက ပြောပါတယ်။
ယူကရိန်း ဒရုန်းတပ်မှူး ရောဘတ် ဘရော့ဗ်ဒီရဲ့ ပြောကြားချက်အရ ရုရှားထိန်းချုပ်ထားတဲ့ ဒွန်းနက်စ်ခ် ဒေသတွင်းက စခန်းတခုကို စက်တင်ဘာ ၁၂ ရက်က နာရီပိုင်းအကြာလောက် တိုက်ခိုက်မှုအတွင်း ဂရူးနစ် သေဆုံးခဲ့တာဖြစ်ပြီး ဒါဟာ သူတို့ ဒရုန်းတပ်ဖွဲ့ လက်ချက်နဲ့ သေဆုံးရတဲ့ ၇ ယောက်မြောက် ရုရှားတပ်မှူး ဖြစ်တယ်လို့ ဆိုပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထိပ်ပိုင်းအရာရှိတွေရဲ့ သေဆုံးမှုကို ထုတ်ပြန်လေ့မရှိပေမဲ့ ဗိုလ်ချုပ်ကြီး ဂရူးနစ် သေဆုံးသွားပြီဖြစ်ကြောင်းကို ရုရှားတပ်မှူး အပ္ပတီ အာလောက်ဒီနော့ဗ်က စက်တင်ဘာ ၁၆ ရက်မှာ တယ်လီဂရမ်ကနေ အတည်ပြုခဲ့ပြီး နောက်ထပ် အသေးစိတ်တွေကို ပြောကြားခြင်း မရှိပါဘူး။
အခုနှစ် အစောပိုင်းမှာ ဂရူးနစ်ဟာ မဟာဗျူဟာမြောက် ကော့စတန်တီနိဗ်ကာမြို့ကို ပိုင်ပိုင်နိုင်နိုင် သိမ်းပိုက်နိုင်ခဲ့တယ်လို့ တင်ပြခဲ့တာကြောင့် သမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ ချီးကျူးမှုကို ရခဲ့သူပါ။
ဒါပေမဲ့ ယူကရိန်းနဲ့ စစ်ပွဲလေ့လာရေးအဖွဲ့ (ISW) တို့ကတော့ အဲဒီသိမ်းပိုက်မှုသတင်းက မဟုတ်မှန်ဘဲ ဝါဒဖြန့်တာသာ ဖြစ်ကြောင်း ငြင်းဆိုထားပါတယ်။
လက်ရှိမှာ ရုရှားရဲ့ နယ်မြေချဲ့ထွင်မှုတွေ နှေးကွေးနေပေမဲ့ ဒွန်ဘတ်စ်ဒေသတခုလုံးကို ထိန်းချုပ်နိုင်ဖို့အတွက် ကော့စတန်တီနိဗ်ကာလို အရေးပါတဲ့ မြို့တွေကို ဆက်လက်ဖိအားပေး တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
Source: Reuters











