DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဖြစ်နေသည့် ဒေသများတွင် ပြည်သူများ၏ စားနပ်ရိက္ခာအခြေအနေ ပိုမိုဆိုးရွားလာ
DVB
·
December 18, 2025
တိုက်ပွဲဖြစ်နေသည့် ဒေသများတွင် ပြည်သူများ၏ စားနပ်ရိက္ခာအခြေအနေ ပိုမိုဆိုးရွားလာ
Donate to DVB

လာမယ့် ၂၀၂၆ ခုနှစ်မှာလည်း မြန်မာလူဦးရေရဲ့ ၁၂ သန်းကျော်ဟာ ဆာလောင်မွတ်သိပ်မှု အရေးပေါ်အဆင့်ကို ရောက်ရှိလာနိုင်တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထားပါတယ်။ 

ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုတွေ အရှိန်အဟုန်နဲ့  မြင့်တက်လာတာက မြန်မာပြည်သူတွေရဲ့ ဝမ်းရေးဒုက္ခအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေနိုင်တယ်လို့  WFP က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်းတိုင်းမှာတော့ လက်နက်ကိုင် တိုက်ပွဲတွေ ပိုပြင်းထန်လာတာနဲ့အတူ ပြည်သူတွေဟာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပြီး စားနပ်ရိက္ခာ မလုံလောက်မှုတွေနဲ့ ကြုံနေရတယ်လို့ စစ်ဘေးရှောင် အကူအညီပေးနေသူ တယောက်က ပြောပါတယ်။

ချောင်းဦးမြို့နယ်မှာတော့ ဒီဇင်ဘာ ၁ ရက်ကစလို့ စစ်ကြောင်းဝင်ရောက်ကာ ကျီကုန်းကျေးရွာထဲ အထိုင်ချထားတဲ့အတွက် စစ်ကြောင်းနဲ့နီးစပ်တဲ့ ကျေးရွာတွေက ပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

အရေးပေါ်တိမ်းရှောင်ကြရတဲ့အတွက် ပြည်သူတွေဟာ ရိက္ခာမလုံလောက်မှုကြောင့် မိသားစုဝင်တွေ လုံလုံလောက်လောက် မစားသောက်ရဘူးလို့ ချောင်းဦးမြို့နယ် စစ်ရှောင် အမျိုးသမီးတယောက်က ပြောပါတယ်။

“စားဖို့သောက်ဖို့ကတော့ ကျမတို့ ဖြစ်သလိုပဲ စားနေရတာပေါ့။ ပဲခင်းလေးတွေ ဘာလေးတွေရှိတော့ ကုလားပဲရွက်လေးတွေ ခူးပြီးတော့မှ ချက်စားနေရတာ၊ စားဖို့သောက်ဖို့ကတော့ ဘယ်လိုမှ အဆင်မပြေဘူး။ လေးဖက်လေးတန် ဝိုင်းတားနေကြတော့လေ။ ဆန်၊ ဆီကျတော့လည်း မပြည့်စုံတော့ ရေလုံပြုတ်သလို ဖြစ်နေတာပေါ့၊ ဆန် ဆီကလည်း အဆင်မပြေဘူး၊ ကလေးတွေဆိုလည်း မနက်စာကို ပါလာတဲ့ ထမင်းအိုးလေးလုပ်ပြီး ထမင်းရေလေး တိုက်ရတာပေါ့။”  

ကရင်နီပြည်နယ်မှာလည်း တိုက်ပွဲတွေကြောင့် ပြည်နယ်လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းက စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင် အခွင့်အလမ်းရှားပါးလို့ စားဝတ်နေရေးအတွက် ပရဟိတအဖွဲ့တွေ၊ အလှူရှင်တွေကိုသာ အဓိကအားကိုးနေကြရတာပါ။ 

ဒီနှစ် ဖေဖော်ဝါရီလကစပြီး နိုင်ငံတကာမှာ ကူညီထောက်ပံ့မှုတွေပေးနေတဲ့ USAID အစီအစဉ်တွေ ရပ်နားလိုက်တဲ့အတွက် စစ်ဘေးရှောင်တွေ အထောက်အပံ့ရရှိမှု နည်းပါးသွားပြီး သူတို့နေတဲ့ စစ်ဘေးရှောင်စခန်းနဲ့ နီးတဲ့ ကျေးရွာတွေမှာ ပြန်လည်ပြီး စပါးစိုက်ပျိုးကြရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ရှောင်တွေ စပါးပြန်ရိတ်တဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းချ တိုက်ခိုက်တာတွေရှိတဲ့အတွက် ပြည်သူတွေမှာ စိုက်ပျိုးထားတဲ့သီးနှံတွေကို  ပြန်လည်မရိတ်သိမ်းနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆို စစ်ဘေးရှောင်တယောက်က “အလှူရယ် ကူညီတဲ့အဖွဲ့အစည်းတွေ နည်းလာတော့လေ အလုပ်အကိုင် မရှိကြဘူး၊ အိပ်စားပေါ့။ ဒီတိုင်းပဲ စစ်ရှောင်ဆိုတော့ အလုပ်မရှိဘူးလေ။ ကြာလာတဲ့အခါကျတော့ သူတို့က ရွေးချယ်စရာမရှိတော့ဘူး။ ကိုယ့်တောင်ယာ  ကိုယ် ပြန်လုပ်တယ်ဆိုပြီးမှ ရပ်ရွာမှာ စစ်ကောင်စီ ဆွဲခေါ်သလိုပဲ ပြန်နေကြတယ်။ ဒီးမော့ဆိုမှာလည်း ကျန်ခဲ့တဲ့စပါးတွေဆို မရိတ်ရဘူး၊ သူတို့ သွားရိတ်ရင်လည်း ဒရုန်းချလိုက်၊ စနိုက်ပါနဲ့ လှမ်းပစ်လိုက် ဖြစ်နေတော့ ပြည်သူတွေကလည်း သေတာပဲပေါ့နော်။ ပြည်သူတွေက မရိတ်ဘဲ ချန်ထား‌တော့  သူတို့ပဲ ရိတ်ပြီးမှ သူတို့ပဲ ပြန်ထောက်ပံ့နေကြတာ” လို့ ပြောပါတယ်။ 

စစ်ဘေးရှောင်တွေရဲ့ တနိုင်တပိုင် စိုက်ပျိုးမှုတွေကို ဦးတည်ပြီး စစ်ကောင်စီတပ်က တိုက်ခိုက်နေတာကလည်း ကရင်နီပြည်နယ်မှာ ရိက္ခာရှားစေတဲ့ အကြောင်းအရင်းတရပ်ဖြစ်တယ်လို့ စစ်ရှောင်အကူအညီပေးနေသူတွေက ပြောကြပါတယ်။

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ် အစပ်မှာတော့ စစ်ဘေးရှောင်ဦးရေ တိုးလာတာနဲ့အတူ ထောက်ပံ့မှုတွေ လျော့နည်းလာလို့ စစ်ရှောင်တွေ စားဝတ်နေရေး အကျပ်အတည်းဖြစ်နေရတယ်လို့ စစ်ရှောင် အကူအညီပေးနေသူတွေက ပြောပါတယ်။

အရင်နှစ်တွေကတော့ ပဲခူးတိုင်းထဲက စစ်ရှောင်တွေကို ပြည်ပရောက်အဖွဲ့အစည်းတွေက အဓိကထောက်ပံ့ပေးနေပြီး လက်ရှိမှာတော့ ထောက်ပံ့သူတွေရဲ့ မိသားစုဝင်တွေကပါ စစ်ဘေးရှောင်နေကြရတဲ့အတွက် ထောက်ပံ့မှုတွေ နည်းလာတာလို့ ပဲခူးတိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“၂၀၂၅ လောက်မှာကျတော့ စစ်ဘေးရှောင်ပြည်သူ အရေအတွက်ကလည်း အရမ်းများလာတယ်၊ လှူနိုင်တဲ့ အရေအတွက်က အရင်ထက်နည်းလာတယ်။ ဘာလို့လဲဆိုတော့ ပြည်ပရောက် ပြည်သူတွေရဲ့ ပြည်တွင်းမှာရှိတဲ့ မိသားစုဝင်တွေက စစ်ဘေးရှောင်ဖြစ်နေတာ၊ ဒုက္ခသုက္ခရောက်နေတာ။ စီးပွားရေးကျပ်တည်းနေတာ ဘယ်လိုမှ လုပ်ကိုင်စားသောက်လို့ ခက်ခဲနေတာကျတော့ ကိုယ့်အပူက တော်တော်ပူနေတဲ့အခါကျတော့ စစ်ဘေးရှောင်တွေကို ပြည်ပရောက် ပြည်သူတွေက လှူဖို့တန်းဖို့ တော်တော်လေးကို ခဲယဉ်းတဲ့ အခြေအနေမျိုးကြောင့် ပိုဒုက္ခရောက်ပါတယ်။” 

မြို့နယ်ပေါင်း ၁၇ ခုရှိတဲ့ ရခိုင်ပြည်နယ်မှာလည်း မြို့နယ် ၃ ခုကိုသာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့အတွက် တခြားမြို့နယ်တွေက ပြည်သူ ၆ သိန်းကျော်  စစ်ဘေး တိမ်းရှောင်နေကြရပါတယ်။

ပြည်မကနေ ရခိုင်ပြည်နယ်ထဲ ဝင်ရတဲ့ ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို စစ်ကောင်စီက ပိတ်ပင်ထားတဲ့အတွက် ရခိုင်က ပြည်သူတွေဟာ စားနပ်ရိက္ခာ အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) အနေနဲ့ကတော့  ၂၀၂၆ ခုနှစ်အတွင်း အကူအညီလိုအပ်နေသူ ၁၂ သန်းကျော်အနက် ၁ ဒသမ ၃ သန်းကို လူသားချင်းစာနာမှု အကူအညီများ ပေးအပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013