
အင်္ဂလန်နိုင်ငံက ဆရာဝန်တွေဟာ တုပ်ကွေးရောဂါကူးစက်မှု မြင့်တက်လာနေချိန်၊ အစိုးရနဲ့ ဆရာဝန်များသမဂ္ဂအကြား အပြင်းအထန် အငြင်းပွားရင်း ဒီဇင်ဘာ ၁၇ ရက် မှာ လစာနဲ့ အလုပ်ခွင် အခြေအနေတွေကြောင့် ၅ ရက်ကြာ သပိတ်ကို စတင်ခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာလုပ်သားအင်အားရဲ့ ထက်ဝက်နီးပါးကို ဖွဲ့စည်းထားပြီး ဆယ်စုနှစ် တခုကျော်ကြာအတွင်း လစာတွေ လျော့သွားတယ်လို့ပြောတဲ့ ဌာနတွင်း အငယ်တန်း ဆရာဝန်တွေ အခုနှစ်အတွင်း ဆက်တိုက် သပိတ်မှောက်လာခဲ့တာမှာ ခုတကြိမ်က နောက်ဆုံး အကြိမ်ပါ။
အစိုးရကလည်း အရင်ကထက် လစာပိုတိုးပေးဖို့ မတတ်နိုင်တော့ဘူးလို့ ပြောခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီး ဝက်စ်စထရိတင်းက “သပိတ် မှောက်တာဟာ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ခြင်း၊ တာဝန်မဲ့ခြင်းနဲ့ အန္တရာယ်များခြင်းရဲ့ ပြယုဂ်”လို့ ပြောပါတယ်။
စက်မှုလုပ်ငန်းဆိုင်ရာ လုပ်ဆောင်ချက်ကလည်း ကျန်းမာရေးစောင့်ရှောက်မှုဌာန အပေါ် ဖိအားတွေ ပိုတိုးစေပါတယ်။
အင်္ဂလန်အမျိုးသားကျန်းမာရေးဌာနက ဆေးရုံတွေဟာ ပြင်းထန်တဲ့ တုပ်ကွေးကူးစက်မှု မြင့်တက်လာလို့ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြီးခဲ့တဲ့အပတ်က သတိပေးခဲ့ ပါတယ်။
သပိတ်မှောက်ဖို့ လူထုထောက်ခံမှုလည်း နည်းပါးပြီး ဒီဇင်ဘာ ၁၂ ရက်မှာ YouGov စစ်တမ်းတခုအရ စစ်တမ်းကောက်ယူခံရသူ ၅၈ ရာခိုင်နှုန်းက နောက်ဆုံးသပိတ်ကို တစိတ်တပိုင်း ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ပြသနေပါတယ်။
အင်္ဂလန်နိုင်ငံမှာ တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ရသူ ဒီဇင်ဘာလ အစောပိုင်းမှာ ၅၀ ရာခိုင်နှုန်း ကျော် မြင့်တက်လာခဲ့ပြီး တနေ့ကို ပျမ်းမျှလူနာ အယောက် ၂,၆၆၀ အထိ ရောက်ရှိခဲ့ပြီး ဒီကာလ အတွက် အမြင့်ဆုံးဖြစ်ပါတယ်။
ကူးစက်မှု အထွတ်အထိပ်ကို မရောက်သေးဘူးလို့ ကျန်းမာရေးခေါင်းဆောင်တွေက ပြော ပါတယ်။ သပိတ်မှောက်မှုတွေအတွင်း ပုံမှန်ထက် တာဝန်ကျဆရာဝန်တွေ နည်းပါးနိုင်တယ်လို့ အင်္ဂလန် အမျိုးသားကျန်းမာရေးဌာန NHS England က ပြောပါတယ်။
ဝန်ထမ်းတွေက အသက်ကယ် စောင့်ရှောက်မှုကို ဦးစားပေးဖို့ လိုအပ်ပြီး အရေးတကြီးမဟုတ်တဲ့ အခြေအနေရှိတဲ့ လူနာတွေက ပိုကြာကြာ စောင့်ဆိုင်းရနိုင်တယ်လို့ ပြောပါတယ်။
ရက်ချိန်းတချို့ကို ပြန်စီစဉ်ရမှာပါ။ ပြီးခဲ့တဲ့နှစ်က ရွေးကောက်တင်မြှောက်ခံရပြီး မကြာမီ အလုပ်သမားအစိုးရက အရင်ကွန်ဆာဗေးတစ်အစိုးရလက်ထက်မှာ စတင်ခဲ့တဲ့ အငြင်းပွားမှုကို အဆုံးသတ်ဖို့ ဆရာဝန်တွေအတွက် လစာ ၂၂ ရာခိုင်နှုန်း တိုးပေးဖို့ သဘောတူခဲ့ပြီး ဆရာဝန်တွေကို ကိုယ်စားပြုတဲ့ ဗြိတိန်ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း ကတော့ ၂၉ ရာခိုင်နှုန်းတိုးပေးဖို့ တောင်းဆိုထားပါတယ်။
Source:Reuters










