
ထိုင်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (Thai Airways) က လေယာဉ်မယ်တယောက် သြစတြေးလျနိုင်ငံကို သယ်ဆောင်လာချိန် ဖမ်းဆီးရမိခဲ့တဲ့ ဘိန်းဖြူတွေဟာ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးဂိုဏ်းတခုက ထုတ်လုပ်ခဲ့ပြီး လာအိုနိုင်ငံကနေတဆင့် ထိုင်းနိုင်ငံမြောက်ပိုင်းဆီ မှောင်ခိုသွင်းလာတာလို့ ရဲတပ်ဖွဲ့က ယူဆထားကြောင်း Bangkok Post သတင်းမှာ ဇူလိုင် ၅ ရက်က ဖော်ပြပါတယ်။
ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ (NSB) ရဲ့ ဒုတိယအကြီးအကဲ ရဲချုပ် ဆုမ်ဘွန်း သီယန်ခေါင်က အသက် ၂၆ နှစ်အရွယ် မီနာ(အမည်လွှဲ) အမည်ရတဲ့ အဆိုပါ လေယာဉ်မယ် မှောင်ခိုသယ်ဆောင်လာတဲ့ ဘိန်းဖြူတွေဟာ မြန်မာနိုင်ငံက ထွက်ရှိတာဖြစ်ပြီး လာအိုနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ဖယောင်းခရိုင်၊ ချင်းခမ်းဒေသကတဆင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာတာလို့ ပြောပါတယ်။
ချင်းခမ်းဒေသဟာ မူးယစ်ဆေးဝါးတွေ ဖြတ်သန်းသယ်ဆောင်ရာ အဓိကနေရာတခုအဖြစ် ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်ခံနေရတဲ့နေရာ ဖြစ်သလို စစ်ဆေးမှုတင်းကျပ်တဲ့ ထိုင်း-မြန်မာနယ်စပ်ကို တိုက်ရိုက်ဖြတ်သန်းခြင်းမပြုဘဲ စစ်ဆေးမှုလွတ်ကင်းစေဖို့ လာအိုနိုင်ငံမြောက်ပိုင်းကနေတဆင့် ထိုင်းနိုင်ငံအတွင်း သွင်းယူခဲ့တာလို့ ဆိုပါတယ်။
မကြာသေးမီက ချင်းခမ်းဒေသအတွင်း ဝင်ရောက်စီးနင်းမှုတွေကြောင့် စိတ်ကြွဆေးပြား သန်းပေါင်းများစွာ သိမ်းဆည်းရမိခဲ့တာကလည်း ဒီအချက်ကို သက်သေပြနေပြီး အဆိုပါနေရာကတဆင့် မူးယစ်ဆေးဝါးတွေကို ထိုင်းနိုင်ငံတဝန်း သယ်ယူပို့ဆောင်ကာ အများစုကို ပြည်ပနိုင်ငံတွေဆီ မှောင်ခိုတင်ပို့နေကြတာလို့ ရဲချုပ် ဆုမ်ဘွန်းက ရှင်းပြပါတယ်။
အမှုတွင်း ပါဝင်ပတ်သက်သူတယောက်ဖြစ်တဲ့ ဥထိုင်းခနားပီဝတ်ကတော့ ဘိန်းဖြူတွေ ဝှက်ထည့်ထားတဲ့ ဆင်ရုပ်ပါ လက်ဆွဲအိတ်တွေပါဝင်တဲ့ ပါဆယ်ထုပ်ကို ဇွန် ၂၂ ရက်က ဘန်ကောက်မြို့ ဘန်နခရိုင်တွင်းက လေယာဉ်မယ် မီနာရဲ့ ကွန်ဒိုသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း ဝန်ခံထားပါတယ်။
သူက အဆိုပါ ပါဆယ်ထုပ်နဲ့ တခြားပါဆယ်ထုပ်တွေကို ဇွန် ၂၀ ရက်က ချင်းခမ်းဒေသကနေ သွားရောက်ယူဆောင်ခဲ့တာလို့ ရဲတပ်ဖွဲ့ကို ပြောပါတယ်။
ဥထိုင်းကိုတော့ ပြီးခဲ့တဲ့ သောကြာနေ့က ဖိဆနူလွတ်မြို့မှာ ထွက်ပြေးတိမ်းရှောင်နေချိန် ဖမ်းဆီးရမိခဲ့သလို သူဟာ အရင်ကလည်း ခုလို မူးယစ်ဆေးဝါး ပို့ဆောင်မှုတွေ ၃ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ဖူးကြောင်း ရဲတပ်ဖွဲ့ကို ထွက်ဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ထွက်ဆိုချက်တချို့အပေါ် ရဲတပ်ဖွဲ့က သံသယရှိနေတယ်လို့ သိရပါတယ်။
အကြောင်းကတော့ မီနာကို ဇွန် ၂၅ ရက်က မဲလ်ဘုန်းလေဆိပ်မှာ ဖမ်းဆီးရမိပြီးနောက်ပိုင်း ဥထိုင်းက သူ့ရဲ့လက်ကိုင်ဖုန်းကို ချက်ချင်းလဲလှယ်ခဲ့သလို သူ့ဆီမှာ ကျန်ရှိနေတဲ့ တခြား မူးယစ်ဆေးဝါးတွေကိုပါ အလျင်အမြန် ဖျက်ဆီးပစ်ဖို့ ကြိုးပမ်းခဲ့တဲ့ အပြုအမူတွေကြောင့် ဖြစ်ပါတယ်။
သူဟာ ဖယောင်းခရိုင်ကနေ ယူဆောင်လာတဲ့ ပါဆယ်ထုပ်တွေကို အယုဒ္ဓယက သူ့ရဲ့တိုက်ခန်းမှာ သိမ်းဆည်းထားခဲ့တာ ဖြစ်ပါတယ်။
အဲဲဒီနောက် ဇွန် ၂၂ ရက်မှာ အတီရတ် ဆူပီယန် အမည်ရှိသူကို ကားမောင်းခိုင်းပြီး မီနာရှိရာ ဘန်ကောက်ကွန်ဒိုဆီ အဆိုပါ ပါဆယ်ထုပ်တွေကို သွားရောက်ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ဥထိုင်းရဲ့တိုက်ခန်းကို ဝင်ရောက်ရှာဖွေရာမှာတော့ လက်ဆွဲအိတ်တွေအတွင်း ဘိန်းဖြူအကြွင်းအကျန် အစအနတချို့ကို တွေ့ရှိခဲ့ရတဲ့အပြင် လေယာဉ်မယ် ဖမ်းဆီးခံရပြီးနောက် သောကြာနေ့မှာတော့ သူက သက်သေဖျောက်ဖျက်ဖို့အတွက် တခြားအိတ်တွေကို အယုဒ္ဓယမြို့ လမ်းဘေးတနေရာမှာ စွန့်ပစ်ခဲ့ကြောင်း သိရပါတယ်။
ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ရဲ့ ဒုတိယမှူးကြီး ရဲချုပ် သီရဒေ့ဂျ်ထမ်သူသီကတော့ ဥထိုင်းနဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူတို့ လိုက်လံပြသချက်အရ လမ်းဘေးမှာ စွန့်ပစ်ထားတဲ့ မူးယစ်ဆေးဝါးအိတ်တွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောပါတယ်။
လက်ရှိမှာတော့ ဒီမူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံနဲ့ သြစတြေးလျနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ် ဆောင်နေပါတယ်။
Source: Bangkok Post










