
အမေရိကန်တောင်ပိုင်းစစ်ဌာနချုပ်ဟာ အရှေ့ပစိဖိတ်ဒေသ နိုင်ငံတကာရေပိုင်နက်ရှိ သင်္ဘော ၃ စင်းကို တိုက်ခိုက်ခဲ့ပြီး လူ ၈ ယောက် သေဆုံးခဲ့ကြောင်း ဒီဇင်ဘာ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန် စစ်တပ်က “သင်္ဘောတွေဟာ အရှေ့ပစိဖိတ်ဒေသရှိ မူးယစ်ဆေးဝါးမှောင်ခိုလမ်းကြောင်းတွေတလျှောက် ဖြတ်သန်းသွားလာနေပြီး မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်နေကြောင်း ထောက်လှမ်းရေးက အတည်ပြုခဲ့တယ်” လို့ X မှာ တင်ထားတဲ့ ပို့စ်တခုမှာ ပြောကြားခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က ဒေသတွင်းမှ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုကို နှိမ်နင်းဖို့ စတင်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုရဲ့ တစိတ်တပိုင်းအဖြစ် အမေရိကန်ပြည်ထောင်စုဟာ ဗင်နီဇွဲလားအနီး ပစိဖိတ်သမုဒ္ဒရာနဲ့ ကာရစ်ဘီယံပင်လယ်မှာ သင်္ဘော ၂၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး ဒီလုပ်ဆောင်ချက်ကြောင့် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူ အနည်းဆုံး အယောက် ၉၀ သေဆုံးခဲ့ပါတယ်။
သံသယရှိ မူးယစ်ဆေးဝါးသင်္ဘောတွေကို တိုက်ခိုက်ရာမှာ စစ်တပ်ကို အသုံးပြုတာဟာ အမေရိကန်က သူတို့ကို သမိုင်းကြောင်းအရ ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ပုံစံကနေ သိသိသာသာ ကွဲပြားသွားတာ ဖြစ်ပါတယ်။
ထရမ့်ပ်အစိုးရကတော့ တိုက်ခိုက်မှုတွေရဲ့ တရားဝင်မှုကို ကာကွယ်ဖို့ ကြိုးပမ်းခဲ့ပြီး ဥပဒေကျွမ်းကျင်သူတချို့ကတော့ တရားမဝင် ဥပဒေပြင်ပ သတ်ဖြတ်မှုတွေဖြစ်တယ်လို့ ဆိုကြပါတယ်။
Source:Reuters










