DVB Logo
Home
နိုင်ငံတကာ
LA ဗုံးခွဲရန် ကြံစည်မှုမှ သံသယရှိသူများ သဲကန္တာရထဲ ပြင်ဆင်နေပုံ ဗီဒီယိုကို FBI ထုတ်ပြန်
DVB
·
December 18, 2025
LA ဗုံးခွဲရန် ကြံစည်မှုမှ သံသယရှိသူများ သဲကန္တာရထဲ ပြင်ဆင်နေပုံ ဗီဒီယိုကို FBI ထုတ်ပြန်
Donate to DVB

အမေရိကန် လူဝင်မှုကြီးကြပ်ရေးအေးဂျင့်တွေနဲ့ သူတို့ရဲ့မော်တော်ယာဉ်တွေ အပါအဝင် ပစ်မှတ်များစွာကို ရည်ရွယ်ထားတဲ့ ဗုံးခွဲရန် ကြံစည်မှုလို့ ရှေ့နေချုပ် ပန်မ်ဘွန်ဒီက ဖော်ပြခဲ့တဲ့လုပ်ရပ်နဲ့ ဆက်စပ်ပြီး လူ ၄ ယောက်ဟာ ရာဇဝတ်မှုစွဲချက်တွေနဲ့  ရင်ဆိုင်နေရပါတယ်။

သဲကန္တာရထဲမှာ စခန်းချနေတဲ့ သံသယရှိသူတွေနဲ့ ဗုံးလုပ်တဲ့ပစ္စည်းတွေရဲ့ ဓာတ်ပုံတွေကို ပြသထားတဲ့ ဗီဒီယိုတခုကို FBI က ထုတ်ပြန်ခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်းခရိုင်ဆိုင်ရာ အမေရိကန်ခရိုင်တရားရုံးမှာ တင်သွင်းထားတဲ့ တိုင်ကြားချက်အရ အဲဒီလူ ၄ ယောက်ကို ပူးပေါင်းကြံစည်မှု၊ မှတ်ပုံတင်မထားတဲ့ ဖျက်ဆီးရေးပစ္စည်းတခု ပိုင်ဆိုင်မှုတို့နဲ့ တရားစွဲဆိုထားပါတယ်။ 

ဗုံးခွဲတိုက်ခိုက်မှု ကြံစည်မှုမှာ လော့စ်အိန်ဂျလိစ် နယ်မြေဧရိယာရှိ နှစ်သစ်ကူးည သန်းခေါင်ယံမှာ အမေရိကန်ကုမ္ပဏီ ၂ ခုကို ပစ်မှတ်ထားတဲ့ နေရာ ၅ ခုမှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကို တပ်ဆင်ဖို့ စီစဉ်ထားကြောင်း တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။ 

တိုင်ကြားချက်မှာ ဖော်ပြထားတဲ့ တရားခံ ၄ ယောက်မှာ အသက် ၂၄ နှစ်မှ အသက် ၄၁ နှစ်အရွယ်အထိ ဖြစ်ပြီး ဒီရာဇ၀တ်မှုမှာ သူတို့ကို ကိုယ်စားပြုပေးနေတဲ့ ရှေ့နေက ဘယ်သူလဲဆိုတာကိုတော့ မသိရသေးပါဘူး။

တိုင်ကြားချက်ကို ထောက်ကူတဲ့ ကျမ်းသစ္စာကျိန်ဆိုချက်တခုအရ ကာရိုးလ်အမည်ရှိ တရားခံဟာ ဗုံးခွဲမဲ့ အစီအစဉ်ကို ဖော်ပြထားတဲ့ "Operation Midnight Sun" အမည်ရှိ စာမျက်နှာ ၈ မျက်နှာပါ လက်ရေးစာရွက်စာတမ်းကို လျှို့ဝှက်ရင်းမြစ်တခုဆီ နိုဝင်ဘာလမှာ တင်ပြခဲ့တာပါ။

ကာရိုးလ်နဲ့ ပေ့ချ် အမည်ရှိ တရားခံတွေဟာ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ ကူညီဖို့အတွက် နောက်ထပ်တရားခံ ၂ ယောက်ကို စုဆောင်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

အဲဒီအစီအစဉ်ထဲမှာ "ဗုံးပြုလုပ်တဲ့ပစ္စည်းများ ရယူခြင်းနဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စမ်းသပ်ဖောက်ခွဲရေးပစ္စည်းတွေ တည်ဆောက်ပြီး ဖောက်ခွဲရေးလုပ်ဖို့ မဟာ့ဗီ သဲကန္တာရရှိ ဝေးလံခေါင်သီတဲ့နေရာကို ခရီးသွားခြင်း" တွေလည်း ပါဝင်တယ်လို့ ကျမ်းသစ္စာကျိန်ဆိုထားတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗုံးကို အမှန်တကယ် အသုံးပြုနိုင်အောင် မပြုလုပ်ပြီးခင်မှာဘဲ FBI အေးဂျင့်တွေက ဝင်ရောက်တားဆီးလိုက်တာ ဖြစ်ပါတယ်။

တရားခံ ၄ ယောက်စလုံးဟာ "Order of the Black Lotus" အမည်ရှိ Signal အုပ်စုစကားဝိုင်းမှာ အဖွဲ့ဝင်တွေဖြစ်ကြပြီး အဲဒီအဖွဲ့ဟာ အစွန်းရောက်အဖွဲ့ဖြစ်တယ်လို့ သူတို့ထဲက တယောက်က ပြောပါတယ်။

နှစ်သစ်ကူးညမှာ ဗုံးထောင်ဖောက်ခွဲဖို့ ကြံစည်မှုအပြင် အဲဒီအဖွဲ့ဟာ ဇန်နဝါရီလ သို့မဟုတ် ဖေဖော်ဝါရီလမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနမှ အေးဂျင့်တွေနဲ့ မော်တော်ယာဉ်တွေကို သံပိုက်လုံးတွေထဲ ဖောက်ခွဲရေးပစ္စည်းတွေ ထည့်ပြီး ဖောက်ခွဲမှုလုပ်တဲ့ ပိုက်ဗုံးတွေနဲ့ တိုက်ခိုက်မဲ့ အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်း တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013