
OpenAI ရဲ့ ဆန်ဖရန်စစ္စကို ရုံးအစည်းအဝေးခန်းထဲမှာ အဆင့်မြင့် လျှို့ဝှက်အသံဖမ်းစက် သွားတပ်ဆင်ခဲ့တဲ့ ဆော်ဒီနိုင်ငံသား အင်ဂျင်နီယာ အဗ္ဗဒူရာဟ်မန် အယ်လ်ဖိုဇန်ကို FBI က ဖမ်းဆီးလိုက်ကြောင်း အမေရိကန် တရားရေးဌာန (DOJ) နဲ့ OpenAI ကုမ္ပဏီတို့က အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၃၅ နှစ်ရှိ အယ်လ်ဖိုဇန်ဟာ တီဗီကျောဘက် USB ပေါက်မှာ မိုက်ခရိုဖုန်းပါတဲ့ အသံဖမ်းစက်ကို တစ်ရှူးစနဲ့ဖုံးပြီး စက်တင်ဘာ ၂၈ ရက်ဝန်းကျင်မှာ တပ်ဆင်ထားခဲ့တာကို စက်တင်ဘာ ၃၀ ရက်မှာ ကုမ္ပဏီက စတင်တွေ့ရှိခဲ့တာပါ။
အဲဒီစက်မှာ သိမ်းဆည်းထားတဲ့ ဒေတာတွေကို လျှို့ဝှက်ကုဒ် ပိတ်ထားတာကြောင့် ကြည့်ရှုလို့ မရခဲ့ပါဘူး။
OpenAI ဟာ သူတို့ရဲ့ ကိုယ်ပိုင် AI မော်ဒယ်တွေကို အသုံးပြုပြီး ဒီစက်တပ်ဆင်သူကို ဖော်ထုတ်ဖို့နဲ့ စက်ရဲ့ မူလရင်းမြစ်ကို လိုက်လံစုံစမ်းခဲ့တယ်လို့ X မှာ ပို့စ်တင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ စုံစမ်းစစ်ဆေးသူတွေဟာ အယ်လ်ဖိုဇန်ရဲ့ ကိုယ်ပိုင်အိတ်ထဲကနေ အလားတူ ပြုပြင်ဖန်တီးထားတဲ့ စက်တလုံးကို ထပ်မံတွေ့ရှိခဲ့ပါတယ်။
လက်ရှိမှာ အယ်လ်ဖိုဇန်ကို အလုပ်ကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး ကုမ္ပဏီရဲ့ AI မော်ဒယ် အချက်အလက်တွေ၊ ရင်းမြစ်ကုဒ်တွေနဲ့ သုံးစွဲသူ ဒေတာတွေ ခိုးယူခံရခြင်း မရှိသေးဘူးလို့ OpenAI က ဆိုပါတယ်။
OpenAI ရဲ့ လုံခြုံရေးအစီအစဉ်ဟာ အတွင်းလူတွေရဲ့ အန္တရာယ်ကနေ ဆိုက်ဘာရာဇဝတ်သားတွေနဲ့ နိုင်ငံတော်အဆင့် အန္တရာယ်တွေအထိ ခြိမ်းခြောက်မှု ပုံစံမျိုးစုံကို ကာကွယ်ဖို့ ဒီဇိုင်းထုတ်ထားတာလို့ OpenAI က ပြောခဲ့ပြီး ဒီကိစ္စကို ဆက်လက်စုံစမ်းစစ်ဆေးနေတဲ့ FBI ထံ လွှဲပြောင်းပေးခဲ့ပါတယ်။
အပြစ်ရှိကြောင်း ထင်ရှားရင်တော့ အယ်လ်ဖိုဇန်ဟာ ထောင်ဒဏ် ၅ နှစ်အထိ၊ ဒဏ်ငွေ ဒေါ်လာ ၂၅၀,၀၀၀ နဲ့ ၃ နှစ်ကြာ စောင့်ကြည့်ခံရမဲ့ ပြစ်ဒဏ်တို့ ကျခံရဖွယ် ရှိနေပါတယ်။
အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် LinkedIn ရှိ သူ့ရဲ့အကောင့် အချက်အလက်တွေအရ အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ရထားသူ ဆော်ဒီနိုင်ငံသား အယ်လ်ဖိုဇန်ဟာ MIT နဲ့ UC Berkeley ဆင်းဖြစ်ပြီး Meta နဲ့ Microsoft တို့မှာ လုပ်ခဲ့ဖူးတယ်လို့ ဆိုထားပါတယ်။
အယ်လ်ဖိုဇန်ဟာ ၂၀၂၅ ဇူလိုင်မှစပြီး OpenAI မှာ အင်ဂျင်နီယာအဖြစ် အလုပ်လုပ်နေပြီး စက်တင်ဘာ ၁၆ ရက်အထိ တလနီးပါး အစည်းအဝေးခန်း ပြက္ခဒိန်တွေနဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို စုံစမ်းဖို့ AI ကူညီရေးစနစ်ကို သုံးခဲ့ကြောင်းလည်း FBI တိုင်ကြားစာအရ သိရပါတယ်။
ဒီဖြစ်စဉ်ဟာ OpenAI ရဲ့ AI စနစ်တွေရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာ စောင့်ကြည့်စစ်ဆေးမှုတွေ ရင်ဆိုင်နေရချိန်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
OpenAI ဟာ မကြာသေးခင်ကလည်း လျှို့ဝှက်အချက်အလက် ကိုင်တွယ်မှု စည်းမျဉ်းဖောက်ဖျက်တဲ့ သုတေသီ ၃ ယောက်ကိုလည်း အလုပ်ကနေ ထုတ်ပယ်ခဲ့ပြီး စက်တင်ဘာ တနှစ်စာ မှန်းဆဝင်ငွေမှာ ဒေါ်လာဘီလီယံ ၅၀ နီးပါးရှိကာ အရင်ခန့်မှန်းချက်ထက် လျော့နည်းသွားတယ်လို့ ရင်းနှီးမြှုပ်နှံသူတွေကို အကြောင်းကြားခဲ့တယ်လို့ ရိုက်တာနဲ့ တခြားသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။
Source: Reuters











